Naypyitaw State Academy  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

 

Naypyitaw State Academy  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၉

    Naypyitaw State Academy၏ ၂၀၂၃ -၂၀၂၄  ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး    ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက Naypyitaw State Academy သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ Naypyitaw  State Academy ၏ ပထမနှစ် သင်တန်းများသို့ ဝင်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာရေးဝန်ကြီးဌာန အနေဖြင့်ရော၊ Naypyitaw State Academy  အနေဖြင့်ပါ  လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါသည်ဟု ဦးစွာ ပြောကြားလိုကြောင်း။

Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကိုအားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူ လေ့ကျင့်မှုများမှ တစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့် ပညာရပ်များကို    သင်ယူရာ တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်  နိုဝင်ဘာလ ၉ ရက်တွင် တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း။

Naypyitaw State Academy  ကို ထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် Comprehensive University အနေဖြင့် ရည်မှန်းထားခြင်း ဖြစ်သည့်အတွက် ဝိဇ္ဇာပညာ မဟာဌာန၊ သိပ္ပံပညာ မဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊    ဆေးသိပ္ပံပညာ မဟာဌာန၊ အားကစားပညာ မဟာဌာန၊ လူမှုရေးပညာ မဟာဌာနဟူ၍  မဟာဌာနကြီး ခုနစ်ခုဖြင့် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ ယခုပညာသင်နှစ်တွင် ဝိဇ္ဇာပညာ မဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေး ပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးပညာ မဟာဌာနဟူ၍    မဟာဌာနငါးခုကို ဖွင့်လှစ်ထားပြီး    ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊  ဂုဏ်ထူးတန်း ပထမနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ်သင်တန်းများတွင် ကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေးလျက် ရှိကြောင်း။

လာမည့်ပညာသင်နှစ်တွင် အားကစားပညာ မဟာဌာနနှင့် လူမှုရေးပညာ မဟာဌာနများကို တိုးချဲ့ဖွင့်လှစ်ပြီး အားကစားပညာနှင့် လူမှုရေးပညာ အထူးပြုဘာသာရပ်များကို ထပ်မံဖွင့်လှစ် သင်ကြားပေးရန် စီစဉ်ထားရှိကြောင်း၊  ထို့ပြင် မကြာမီအချိန် ကာလအတွင်း ဒီပလိုမာဘွဲ့ သင်တန်း၊ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊    လာမည့်ပညာသင်နှစ်တွင် ပထမနှစ် သင်တန်းမှ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများအထိ အတန်းစုံအောင်  ဖွင့်လှစ်သင်ကြား နိုင်မည်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည်  ကျောင်း၏ ဂုဏ်ကိုဆောင်သည့်၊ ဘာသာရပ်၏ ဂုဏ်ကိုဆောင်သည့်၊ စည်းကမ်းလိုက်နာပြီး   ထူးချွန်ထက်မြက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာကြစေလိုပါကြောင်းနှင့် နိုင်ငံနှင့်လူ့ဘောင်လောက အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် ပညာရှင်များဖြစ်လာကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် Naypyitaw State Academy ကျောင်းသား၊ ကျောင်းသူများက “မင်းနေပြည်”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို  ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များနှင့် မိတ်ဆက်ပေးပြီး  အခမ်းအနားကို အစီအစဉ်အတိုင်း   ဆက်လက် ကျင်းပခဲ့ကြကြောင်း သိရသည်။