နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

       ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။

ပုသိမ်လေယာဉ်ကွင်းအဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

   ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များနှင့်အညီ လေဆိပ်နှင့် လေယာဉ် ပြေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

       ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော် ကမ်းခြေများအပါအဝင် သဘာဝအလှအပများ၊ ဒေသထွက် အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း လေဆိပ်အဆင့်မြှင့်တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်း လုံခြုံ ရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လုပ်ငန်းအဆင့်အလိုက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်မှာကြားသည်။

         ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌  တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာ ညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ

       ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ ဆားထုတ်လုပ်မှုနှင့် ဒေသထွက်ဆားများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိမှု၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ သတ်မှတ် ဆောင်ရွက်လျက်ရှိမှုနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဆောင် ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေး၊ လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အထွေထွေတင်ပြချက်များကို ရှင်းလင်းတင်ပြသည်။  

   ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုသိမ်-ချောင်းသာနှင့် ပုသိမ်-ငွေဆောင် တို့အားဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီ တံတားနှစ်စင်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှု၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့် ကုန်စည် ကားဝင်းတစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ရန်ကုန်-ပုသိမ် ကားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

       ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာညွန့်ဖေ တို့က တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တင်ပြချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြန်လည် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် စီမံဆောင်ရွက်ပေးရန်နှင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်သည်များကို တတ်နိုင်သရွေ့ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်နေ ပြည်သူလူထုတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များ စုဖွဲ့၍ လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက် ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်၊ ဝါး၊ ကြိမ် စသည်တို့ အပါအဝင် သစ်တော သယံဇာတများမှ ရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တစ်နိုင်ငံလုံး၏ ဆားလိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေသည့် ဒေသတစ်ခုဖြစ်ပြီး ခေတ်မီနည်းစနစ်များကို အသုံးပြု၍ အဆင့်မီစွာ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေနိုင်မှု၊ ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင် လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ရန်ကုန်-ပုသိမ် လမ်းကြောင်းအား အဆင့်မြှင့်တင်ပေးစေ လိုမှု တို့အပေါ် ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြု ဘက်ဂျက်များဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် ပေးသွားမည်ဖြစ်မှု၊ တိုင်းဒေသကြီးအတွင်း ပညာရေး ဝန်ထမ်းများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး စီမံဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြသည်။  

နိုင်ငံအတွက် အားကိုးအားထားရပြီး ရေခံမြေခံနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် တိုင်းဒေသကြီးဖြစ်

   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွက် အားကိုး အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ရေခံမြေခံကောင်းနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသ ကြီးသည် ကျောင်းတက်ရောက်သူ ဦးရေ အများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက် ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အနာဂတ်အတွက် အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီးတွင် အမြဲတမ်းနေထိုင်လျက်ရှိသည့် မြို့မိ မြို့ဖများအနေဖြင့် အတွေ့အကြုံရှိပြီး ဒေသအတွက်အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏ အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။

     ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက် ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဒေသတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွား လာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှု ရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများ အနေဖြင့် စနစ်ကျနရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ အချိန်ကာလအတိုင်းအတာတစ်ခုအတွက်သာ အဆင်ပြေရန်မဟုတ်ဘဲ အနာဂတ် အတွက် အဆင်ပြေအောင် စီမံဆောင်ရွက်ကြစေလိုကြောင်း။

     ယခင်က ပုသိမ်ဒေသအနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင်  ရေကြောင်းကိုသာ အဓိကအသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင်လည်း ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ရထားပို့ဆောင်ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ ပို့ဆောင် ရေးစနစ်များတွင် လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းနှင့် မီးရထားဖြင့် သယ်ယူပို့ ဆောင်ခြင်း ဟူ၍ရှိပြီး မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် စရိတ်စက သက်သာစွာဖြင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည် အမြောက်အများကိုလည်း ရထားလမ်း ကွန်ရက်ရှိရာ ဒေသအသီးသီးကို စရိတ်ကုန်ကျမှု အနည်းဆုံးဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်သောကြောင့် အားပေးဆောင်ရွက် သွားကြရန်လိုပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း။

       ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည် မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပြီး စိုက်ဧကတိုးချဲ့ ဆောင်ရွက်ခြင်းထက် အထွက်နှုန်း ကောင်းမွန်စေရေးနှင့် သီးထပ်စိုက်ပျိုးခြင်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သမရိုးကျစိုက်ပျိုးခြင်း နည်းလမ်းများကိုသာ အသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြု၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်တကျစိုက်ပျိုးရန် စသည့်အချက်များ လိုအပ်ပြီး မိမိတို့ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက် များပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ဒေသခံများ၊ လုပ်ငန်းရှင်များမှ အမှန်တကယ် အလုပ်လုပ်ရန်နှင့် အောင်မြင်ရန်လိုကြောင်း။

       အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံအတွက် အသား၊ငါး လိုအပ်ချက်များစွာရှိပြီး လူအများစားသုံးနိုင်သော သင့်တော်သည့် ဈေးနှုန်းဖြင့်ရောင်းချနိုင်သည့် ငါးမျိုးများမွေးမြူရေးလုပ်ငန်းများအပြင် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွား စသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊

       ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းများအား အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် ဒေသတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြစေလိုပြီး ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ ပြည်ပသွင်းကုန်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်း မရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်း ကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း  ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကိုကြည့်၍  ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

       ဧရာဝတီတိုင်းဒေသကြီး၌ သစ်၊ ဝါး၊ ကြိမ်ကို အခြေခံသည့် စက်မှု ထုတ်ကုန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း သဘာဝမှရရှိသည့် ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်း၌ အရိပ်ရလေကာပင်များ၊ သစ်ပင်သစ်တောများကိုလည်း စိုက်ပျိုးကြရန်လိုကြောင်း၊ သဘာဝဘေး အန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ် လာသည့် အချိန်တွင်ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ဒီရေတောများသည် သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့်ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန်လိုကြောင်းနှင့် သစ်၊ ဝါး၊ ကြိမ် တို့ကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင် အမြင်ကျယ်ကျယ် ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

       ကျန်းမာရေးနှင့် ပတ်သက်၍ တတ်နိုင်သရွေ့ မိမိကိုယ်ကို ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်ကြရန်လိုပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းမှု ရှိမှသာလျင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးကောင်းမွန် အောင် ဂရုစိုက် နေထိုင်ခြင်းဖြင့် ကျန်းမာရေးအတွက် ကုန်ကျမည့် ငွေကြေးများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအနေဖြင့် နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင် အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန်လိုပြီး အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး တိုက်တွန်းပြောကြားသည်။

       တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ဧရာဝတီ အပြည်ပြည်ဆိုင်ရာစက်မှု ဆိပ်ကမ်းနှင့်  စက်မှုဇုန်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။