ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

“ဒီအတိုင်းဆိုရင်တော့ ဦးဘကျော်မရှိဘူးနဲ့တူတယ်။ ဦးဘကျော်ဟာ  ခုတစ်လော  အစိုးရထိုးစစ်ကြောင့် ရွာမှာပင် မအိပ်ရဲဘူးလို့ ဦးကျော်လူတို့ပြောသွားတာ ဟုတ်မှာပဲ။ ပွင့်နေတဲ့ နောက်ဖေးတံခါးက ငါ အိမ် ပေါ်တက်ရရင် ကောင်းမလားပဲ၊ နေကလည်း ဝင်ခဲ လိုက်တာ။ ဒီလောက်မိုးရွာနေတာတောင် ခုထိ မိုး မချုပ်သေးဘူး။ ဒီကနေ့မှ မိုးကလည်း ချုပ်ခဲလိုက်တာ။ ဦးဘကျော်အိမ်ပေါ်မှာမရှိတာတော့ အမှန်ဖြစ်မှာပဲ။ ဦးဘကျော်သာ တကယ်လို့  အိမ်မှာရှိနေရင် သူ့ တပည့်နဲ့ တခြားရဲဘော်ဖြူတွေ အသံဗလံကိုလည်း ကြားရမှာပဲ။ ခုတော့ မခင်မှီတို့သားအမိအသံ၊ သမီးလေး ငိုသံကလွဲပြီး  ဘာသံမှမကြားရပါဘူး။ ငါ အိမ် ပေါ်တက်တာ ကောင်းပါလိမ့်မယ်။ ခုဆို ငါ့သမီးလေး က ခြေကားရား လက်ကားရားနဲ့  သူ့အမေရင်ခွင်ထဲ မှာလား၊   သူ့အဘွားရင်ခွင်ထဲမှာလား၊    ငိုသံလည်း မကြားရတာထောက်ရင်  ဧကန္တ  သူ့အမေရင်ခွင်ထဲ မှာ ချိုချိုစို့နေပြီနဲ့တူပါရဲ့"

“ဒုန်း ဒုန်း ဒုန်း”

မီးဖိုဆောင်မှ   ငရုတ်သီးထောင်းလိုက်သံကြောင့် ကိုထွန်းငြိမ်း၏ အတွေးသည်      ရုတ်ခြည်းလန့်ဖျပ်ပြန့်ပြယ်သွားသည်။ ရင်ထဲလည်း တဒိတ်ဒိတ်ပြန်၍ ခုန်လာပြန်၏။

မခင်မှီသည်     ထမင်းရည်ငှဲ့ပြီး၍    ငရုတ်သီးဆက်ထောင်းနေလေပြီဆိုသည်ကို    ကိုထွန်းငြိမ်းက ချက်ချင်းတွေးမိလိုက်သည်။

ကိုထွန်းငြိမ်းသည် နောက်ထပ်စောင့်စားနေရန် စိတ်မရှည်တော့သဖြင့်       ခဲလုံးလေးတစ်လုံးကို ကောက်ပြီး  ပွင့်နေသောမီးဖိုတံခါးမှ   အသက်ကိုအောင့်ပြီး ချိန်ဆပေါက်သွင်းလိုက်သည်။

“ဒုတ်၊ တရွတ် တရွတ် တရွတ်”

တံခါးပေါက်မှ     ကိုထွန်းငြိမ်း ပစ်သွင်းလိုက်သော ခဲလုံးလေးသည်   ကြမ်းခင်းပြင်ကို   ဒုတ်ခနဲထိကာ ကြမ်းခင်းပြင်အတိုင်း တရွတ်တိုက်၍ အိမ်ထဲလိမ့်ဝင် သွား၏။

ကြမ်းခင်းပြင်၌  ခဲလုံးလေးတရွတ်တိုက်လိမ့်ပြေး သွားသံသည် ကိုထွန်းငြိမ်း၏ နားထဲတွင် မြင်းတစ်ကောင် ကဆုန်ပေါက်ပြေးသွားသံထက်ပင် ကျယ်လောင်စွာ မြည်ဟည်းသွားလေသည်။

ကိုထွန်းငြိမ်း ပစ်ပေါက်လိုက်သော   ခဲလုံးလေး၏ အသံနှင့်    မရှေးမနှောင်းမှာပင်   အိမ်တွင်းထဲက တဒုန်းဒုန်း တဒုတ်ဒုတ် ငရုတ်သီးထောင်းနေသံသည်လည်း ရုတ်တရက်ရပ်သွားသည်။

ကိုထွန်းငြိမ်းသည် အသက်ကိုအောင့်ထား၍ မလှုပ်မယှက် နားစွင့်နေ၏။ မျက်လုံးအစုံကလည်း ပွင့်ဟ နေသော နောက်ဖေးတံခါးဝကို ပေါက်ထွက်မတတ် စူးစူးစိုက်စိုက်ကြည့်နေသည်။

“ဒုန်း ဒုန်း ဒုန်း”

ငရုတ်သီးထောင်းသံက ပြန်ပေါ်လာသည်။ ကိုထွန်းငြိမ်းသည် “ဟင်း”ခနဲ သက်မကိုချလိုက်ကာ ဒုတိယမ္ပိ ခဲလုံးလေးတစ်လုံးကိုကောက်ပြီး     တံခါးပေါက်ထဲ ပစ်သွင်းလိုက်ပြန်သည်။

ခဲလုံးလေးသည်  ဒုတ်ခနဲ  ကြမ်းခင်းပြင်ကိုထိကာ တရွတ်တိုက်အသံပေး၍    အိမ်ထဲဝင်သွားပြန်၏။

သို့သော် ကိုထွန်းငြိမ်း၏ နားထဲတွင် ပထမတစ်ခေါက် ပစ်သွင်းစဉ်ကလို အသံမမြည်တော့။ စိတ်ကလည်း တည်တည်ငြိမ်ငြိမ်ထားနိုင်ပြီ။

ငရုတ်သီးထောင်းနေသံက ရုတ်တရက်ရပ်သွားပြန် သည်။

ပွင့်နေသောနောက်ဖေးတံခါးပေါက်တွင် မခင်မှီ ၏ ဝင်းပပမျက်နှာက  ရုတ်ခနဲပေါ်လာသောအခါ ကိုထွန်းငြိမ်းမှာလည်း ဝမ်းသာအားရနှင့် ကုန်းကုန်းကွကွ

လုပ်နေရာက ရုတ်ခြည်း မတ်တတ်ထရပ်လိုက်သည်။

ရိပ်ခနဲ  မျက်ဝန်းထဲဝင်လာသော  အရာဝတ္ထုကို မခင်မှီသည်  ခဏတော့  ကြောင်ကြည့်၍  မှင်သက်နေမိ၏။

ကိုထွန်းငြိမ်းသည်     စကားသံမပေးရဲသေးဘဲ

“အိမ်ထဲတွင် ဘယ်သူရှိသလဲ”ဟု လက်ဟန်ခြေဟန်ဖြင့် မခင်မှီကို မေးလိုက်သည်။

“ဟင် အ အစ်ကိုငြိမ်း”

“ခင် ခင်မှီ”

ကိုထွန်းငြိမ်းမှန်းသိသောအခါ မခင်မှီ၏အသံက လှိုက်ခတ်၍ ထွက်လာ၏။

ကိုထွန်းငြိမ်း၏အသံမှာလည်း    ထိုနည်းလည်း ကောင်းပင်၊    တုန်လှိုက်၍     သက်မချသံနှင့်အတူ ပွင့်အန်ထွက်လာလေသည်။

မခင်မှီသည် ရေကပြင်ပေါ်က ဝမ်းသာအားရနှင့် ပြေးဆင်းလာကာ ကိုထွန်းငြိမ်းကို တအားပြေးဖက် လိုက်၏။ ပြီး သူမ၏ခေါင်းကို ကိုထွန်းငြိမ်း ရင်အုပ်ထဲ သွင်းကာ တရှိုက်မတ်မတ်ငိုပစ်လိုက်လေသည်။

“ခင် ခင်မှီ”

“ အ အစ်ကို ငြိမ်း”

စက္ကန့်အတန်ကြာပင် တစ်ယောက်နှင့်တစ်ယောက် စကားမဆက်နိုင်ကြဘဲ ရင်ထဲဆို့နင့်ကြပြန်သည်။

“ခင်မှီ ခုအိမ်ပေါ်မှာ ဘယ်သူတွေရှိလဲ။ ဦးလေး ဦးဘကျော်ရှိလားဟင်”

ကိုထွန်းငြိမ်းသည် ဦးဆုံးသတိရ၍ သူ့အတွက် အရေးအကြီးဆုံးစကားကို မေးလိုက်သည်။

“မ မရှိဘူး အစ်ကို။ ခု အိမ်ပေါ်မှာ အမေကလွဲပြီး ဘယ်သူမှမရှိဘူး။  လာလာအစ်ကို အိမ်ပေါ်တက်၊ အိမ်နီးနားချင်းတွေမြင်သွားရင် မကောင်းဘူး”

ဆက်လက်ဖော်ပြပါမည်။