(၄၅)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်

 

(၄၅)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်

 

နေပြည်တော်  ဇန်နဝါရီ  ၂၀

    (၄၅) ကြိမ်မြောက်  သွေးလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားကို  ယနေ့ နံနက် ၈ နာရီတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ  ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန် အသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် စေတနာသွေးလှူရှင်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူနာ များမှာ သွေးသွင်းရန်လိုအပ်သည့် အခြေအနေဖြစ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများကမှ ကူညီမှုမပြုနိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်သောကြောင့် လူနာများအတွက် စဉ်ဆက်မပြတ်  လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးသည့် ကူညီမှုဖြစ်ကြောင်း၊ ယင်းကဲ့သို့  လှူဒါန်းမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို ဖြန့်ဝေပေးခဲ့သည့် ၉၃၃၈၅ ယူနစ်ရှိခဲ့ပြီး  လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊  သွေးလှူရှင် ရှာဖွေရမှုစသည့် ပူပန်မှုများ လုံးဝမရှိရဘဲ လိုအပ်သည့် သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှု ခံယူနိုင်ခဲ့ခြင်းမှာ စေတနာသွေးလှူရှင်ကြီးများ၏ ပံ့ပိုးမှုကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသား

သွေးဌာန တစ်ခု၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ်ခုနစ်ခု၊ ခုတင်-၂၀၀ နှင့် ခုတင်-၁၀၀ ဆံ့   ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက် ရှိကြောင်း၊ သွေးသွင်းကုသမှုဆောင်ရွက်ရာတွင် လူနာများ ဘေးကင်းလုံခြုံရေး (Blood Safety) အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများကို အောင်မြင်စွာ ကုသမှုပြုနိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာ အမျိုးသားသွေးဌာနတွင် အသစ်စတင် လှူဒါန်းခဲ့ကြသည့်   သွေးလှူရှင် ၉၆၂၅ ဦး၊ စဉ်ဆက်မပြတ် လှူဒါန်းခဲ့ကြသည့်  သွေးလှူရှင်  ၂၉၈၆၆  ဦးရှိကြောင်း၊ သွေးလှူရှင်များ စဉ်ဆက်မပြတ် သွေးလှူဒါန်းနိုင်ရန်    အစစအရာရာ စီစဉ်ပေးသည့်   တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း   ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လူမှုထူးချွန် တံဆိပ်ရှိသော သွေးလှူရှင် စုစုပေါင်း ၁၆ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေနှင့် အကြိမ် (၁၀၀) နှင့်အထက် သွေးလှူရှင် စုစုပေါင်း ၃၀ ကို ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် စဉ်ဆက်မပြတ်သွေးသွင်း ကုသမှုခံယူပြီး  ကျန်းမာလျက်ရှိကြသော ကလေးငယ်များက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ကလေး ငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ယခုနှစ်ကျင်းပသည့် (၄၅)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄) ဖြင့် သွေးအလှူရှင် ၁၀  ဦးအား လူမှုထူးချွန်တံဆိပ် ပထမဆင့်ကိုလည်းကောင်း၊ သွေးလှူရှင် တစ်ဦးအား လူမှုထူးချွန်တံဆိပ် ဒုတိယဆင့် ကိုလည်းကောင်း၊ သံဃာတော် တစ်ပါး အပါအဝင် သွေးလှူရှင် ငါးဦးအား လူမှုထူးချွန်တံဆိပ်   တတိယဆင့်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင် ၁၄၅ ဦး၊ (၉၅)ကြိမ်မှ အကြိမ်(၄၀)နှင့် အထက် သွေးလှူရှင် ၂၄၉ ဦး စုစုပေါင်း ၃၉၄ ဦးတို့ကို ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါသွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သွေးလှူရှင် စုစုပေါင်း ၄၁၀ အတွက် အလှူငွေစုစုပေါင်း  ၁၄၃၄၀၀၀၀  ကို လည်းကောင်း၊ စေတနာရှင်အလှူရှင်များက အလှူငွေစုစုပေါင်း ၁၆၄၅၀၀၀၀ ကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။ ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို သွေးယူနစ်ပေါင်း၉၃၃၈၅ ယူနစ် ဖြန့်ဝေပေးနိုင်ခဲ့သည့်အတွက် လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရမှု စသည့်ပူပန်မှုများ လုံးဝမရှိရဘဲ လိုအပ်သည့် သွေးအမျိုးအစား၊ သွေးပစ္စည်းများကို  ရရှိကုသမှု ခံယူနိုင်ခဲ့ကြောင်း သိရသည်။