ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
မခင်မှီသည်လည်း ချက်ချင်းသတိတရနှင့် ကိုထွန်းငြိမ်းကို လက်ဆွဲကာ နောက်ဖေးတံခါးမှ အိမ်ပေါ်သို့ ခေါ်လိုက်လေသည်။
ခင်မှီဖြင့် လွမ်းလိုက်ရတာ အစ်ကိုရယ်။ ဦးကျော်လူနဲ့ ဦးလှကွန့်တို့က မင်းဘူးမှာ အစ်ကိုနဲ့ တွေ့ခဲ့တဲ့အကြောင်း ပြောပြပါတယ်။ အစ်ကိုပေးလိုက်တဲ့ သမီးလေးအတွက်၊ ခင်မှီအတွက် အဝတ်တွေနဲ့ ငွေ ၁၀၀ ကိုလည်း တစ်နေ့က ညနေမှာလာပေးကြပါတယ်။ သူ့သားက ရဲဘော်ဖြူထဲမှာရှိပေမယ့် ဦးလေးလှကွန့်ခမျာ တော်ရှာပါတယ်။ အစ်ကိုက သူတို့ကို ထမင်းကျွေးလိုက်တဲ့အကြောင်း၊ အစ်ကို သမီးလေးကို သိပ်မြင် ချင်တဲ့အကြောင်းပြောလို့ ခင်မှီ ငိုရသေးတယ်
သူ့အမေရှိနေသောအပြင်ကို ချက်ချင်းမထွက်စေသေးဘဲ မခင်မှီ သည် မီးဖိုချောင်ထဲ၌ပင် မတ်တတ်ရပ်နေသော ကိုထွန်းငြိမ်းကို တင်းတင်း ကျပ်ကျပ်ဖက်၍ပြောကာ ရှိုက်လိုက်ပြန်သည်။
ကိုထွန်းငြိမ်းသည် မခင်မှီ၏ ဝင်းဝင်းပပနဖူးလေးကို တစ်ချက်နမ်း လိုက်၏။ မီးဖိုထဲတွင် တစ်ညနေလုံး ချက်ပြုတ်နေရသော မခင်မှီ၏နဖူးမှ ချွေးနှင့်ရောသောသနပ်ခါးနံ့ကို နမ်းရှုပ်လိုက်ရသောအခါ ကိုထွန်းငြိမ်း ၏ရင်ထဲမှာ ရုတ်ခြည်းနွေးထွေးသွားလေသည်။ ဒီလိုအနမ်းအရှုပ်မျိုး နှင့်ဝေးခဲ့ရသည်မှာ ကာလကြာခဲ့ပြီ မဟုတ်ပါလား။
အစ်ကို ဒီမှာ ခဏနေဦးနော်။ ခင်မှီ အမေ့ကိုပြောလိုက်ဦးမယ်
မခင်မှီက သူ့အမေရှိရာ အိမ်ရှေ့ဘက် တစ်ချက်လှမ်းကြည့်၍ ပြော၏။
သြော်ခင်မှီ၊ အစ်ကိုငြိမ်းကို အဝတ်ပေးပါဦးကွယ်။ တစ်နေ့လုံး မိုးရွာထဲလာရတာ ချမ်းလှပြီ။ ဝတ်လာရတဲ့အဝတ်တွေကိုလည်း ကြည့်ပါဦး
ဟုတ်သားပဲ၊ ခင်မှီဝမ်းသာလွန်းလို့ သတိမေ့သွားမိတာပါအစ်ကို။ ဒီအတိုင်းသာ အမေမြင်ရင် အမေအစ်ကို့ကို မှတ်မိမှာမဟုတ်ဘူး။
မြင်စက ခင်မှီတောင် ကြောင်သွားမိတာ။ အစ်ကိုခေါင်းပေါင်းလာတဲ့ ပုဆိုးစုတ်နဲ့ ခမောက်ကိုချွတ်လိုက်မှ အစ်ကိုမှန်းသိရတာ။ အစ်ကို ရုပ်ဖျက်ရုပ်ပြောင်းသိပ်တော်တာပဲ
အင်းလေ တော်တယ်ရယ် ဘယ်ဟုတ်မလဲ၊ ကိုယ့်သမီးလေးကို တွေ့ချင်မြင်ချင်လာတော့လည်း ဒီလိုပဲ ကြံဖန်ရုပ်ဖျက်ပြီး ခဲရာခဲဆစ် လာရတာကိုး
ခင်မှီ့ကိုတော့ မတွေ့ချင်
အိုး ခင်မှီ့ကိုပါပေါ့ အချစ်ရယ်
မခင်မှီသည် ချက်ချင်း ကျေနပ်ဝမ်းသာသွားကာ အိမ်ခန်းထဲပြေးဝင်ပြီး ကိုထွန်းငြိမ်းအတွက် ပုဆိုးနှင့်အင်္ကျီယူလာပေးသည်။
ဘယ်သူ့ပုဆိုးလဲ ခင်မှီ၊ ဦးလေး ဦးဘကျော်ပုဆိုးလား
မဟုတ်ပါဘူး အစ်ကိုရယ်၊ အစ်ကိုကလည်း ကိုယ့်ပုဆိုးတောင် ကိုယ်မမှတ်မိ ဟင်
မခင်မှီ ဝမ်းသာအားရနှင့် ဆွဲထုတ်လာသောပုဆိုးမှာ ဟိုတစ်ပတ်က သမီးလေးရှူးပေါက်ချ၍ လျှော်ဖွပ် ခေါက်သိမ်းထားမိသော ကိုရဲမြင့်၏ ပုဆိုးဖြစ်နေမှန်း ယခုမှ မခင်မှီသတိပြုမိပါ၏။
ထိုစဉ်က ညကြီးမင်းကြီး လျှော်ဖွပ်လှန်းထားရသောပုဆိုးမှာ ကိုရဲမြင့် ပြန်ခါနီး ဝေလီဝေလင်းထိ မခြောက်သဖြင့် ထားပစ်ခဲ့သည်။
နောက်တစ်ခေါက်လည်း လာရဦးမည်ဖြစ်သဖြင့် နောက်တစ်ခေါက် လာမှယူတော့မည်ဟု ပြောသွား၏။ ထို့ကြောင့် ကိုထွန်းငြိမ်းပုဆိုးနှင့် အတူ ရောသိမ်းမိ၍ ယခု မှားပေးမိသောအခါ မခင်မှီမှာ ကိုထွန်းငြိမ်း ရှေ့၌ တုန်တုန်ယင်ယင်ဖြစ်သွားမိသည်။
ဟင်း ဟင်း၊ ဦးလေးပုဆိုး ဟုတ်တယ် အစ်ကို၊ ခင်မှီ ဝမ်းသာအားရ နဲ့ သေတ္တာမှားဖွင့်မိလို့
ပြောသာပြောလိုက်ရသော်လည်း မခင်မှီ၏စိတ်ထဲက မကောင်းတတ်တော့ပေ။
ဟေး သမီးလေး၊ သမီးလေး
ပုဆိုးသွားယူတုန်းကပင် ကိုထွန်းငြိမ်းရောက်နေကြောင်း အမေ့ကို ပြေးပြောထားခဲ့သဖြင့် အမေသည် သမီးလေးကိုပွေ့ချီကာ နောက်ဖေး သို့ ဝင်လာသည်။
ဤသည်ကိုမြင်၍ ကိုထွန်းငြိမ်းက ဝမ်းသာအားရနှင့် သမီးလေးကို လှမ်းနှုတ်ဆက်လိုက်၏။ ထို့ကြောင့် မခင်မှီအတွက်လည်း ပုဆိုးပြန်လဲ ပေးရန် အချိန်လေးရသွားလေသည်။
အဒေါ်ဖြင့် ဝမ်းသာလိုက်တာ လူလေးရယ်။ မင်းစစ်ထဲဝင်သွား တယ်ပြောသံကြားလို့ ငါတို့ ပြန်မှဆုံကြပါဦးမလားလို့
မခင်မှီ၏အမေအသံက ဝမ်းနည်းကြေကွဲဖွယ်ရာ ပေါ်ထွက်လာသည်။
ကိုထွန်းငြိမ်းမှာ မခင်မှီ၏အမေကို ရုတ်တရက်စကားပြန်မပြော နိုင်သေးဘဲ ၀၀ကစ်ကစ်နှင့် ချစ်စရာ ကောင်းလှသော သမီးလေးကိုသာ ဝမ်းသာပီတိနှင့် ကြည့်ကာ ငေးမောနေမိ၏။
မင်း စစ်ထဲဝင်သွားပြီကြားလို့ အဒေါ်တို့မှာ မစားနိုင်၊ မသောက် နိုင်နဲ့ စိတ်ပူလိုက်ရတာ
မမဟုတ်ပါဘူး အဒေါ်ရယ်၊ ကျွန်တော်မင်းဘူးမှာ အလုပ်ရှာနေတာပါ။ အလုပ်ရပြီး မခင်မှီရော အဒေါ်တို့ကိုပါလာကြဖို့ ကျွန်တော် မှာပါတယ်။ လူကြုံတွေက မပြောမိလို့ ဖြစ်ပါလိမ့်မယ်
အဒေါ်ကြီး၏ မျက်လုံးအိမ်ထဲမှ မျက်ရည်ကျသည်ကို မြင်လိုက်ရ သဖြင့် ကိုထွန်းငြိမ်းက ဟုတ်တိုင်းမှန်ရာ စကားကိုပင် ကမန်းကတန်း ပြောလိုက်ရ၏။ ပြီးအဒေါ်ကြီးလက်ပေါ်က သမီးလေးကိုလည်း လှမ်းပွေ့ ယူလိုက်ကာ တရှုပ်ရှုပ်နမ်းပစ်လိုက်လေသည်။
ဆက်လက်ဖော်ပြပါမည်။