ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ -  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်စဉ် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော် ယာဉ် ၅ စီးအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက်လာသည့် အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အဖွဲ့မှ ၎င်းတို့ယာဉ်တန်းမှ ယာဉ်များ အား မီးရှို့ ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟု ယူဆရသော ပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မီးလောင်ပျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် မီးဘေးသင့်ပြည်သူများအား ဆန်၊ လူသုံး ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများသွားရောက် ထောက်ပံ့ ပေးအပ်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဖာလွိုင်ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပဏ္ဌဝအား ဖူးမျှော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဖာလွိုင်ဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခိုနေကြသည့် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စံဖူးကျေးရွာရှိ မီးဘေးသင့်နေအိမ်များအား လှည့်လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားပြီး မီးဘေးသင့် ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် (၅)သိန်းနှုန်းဖြင့် အိမ်ထောင်စု ၂၇ စုအတွက် ငွေကျပ်သိန်းပေါင်း (၁၃၅)သိန်းကိုလည်းကောင်း၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ငွေကျပ်(၅၄)သိန်းနှင့် လူသုံးကုန်ပစ္စည်း(၂၂)မျိုးပါ Family Case (၂၇)ပုံးတို့ကိုလည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ (၁)ဦး လျှင် (၉၀၀၀) ကျပ် နှုန်းဖြင့် လူဦးရေ ၉၈ ဦးအတွက် ထောက်ပံ့ငွေ (၈၈၂၀၀၀) ကျပ်ကိုလည်းကောင်း တာဝန်ရှိသူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လူသုံးကုန်ပစ္စည်း များဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံပစ္စည်း၊  ပစ္စည်း(၂၂)မျိုးပါပုံး၊  မိုးကာတဲ၊  မီးဖိုချောင်သုံးပစ္စည်းများ၊   တစ်ကိုယ်ရေ သုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက မီးငြိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။