၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇန်နဝါရီ  ၂၂

    ၂၀၂၃ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး     ဦးစီးကော်မတီဥက္ကဋ္ဌ   ပြန်ကြားရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင်   အခမ်းအနားကျင်းပမည့်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌   ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဝင်မုခ်ဦး၊ ရွှေရင်ထိုးတပ်ဆင် ပေးမည့်နေရာ၊ Fashion Booth ၊ Photo Booth ၊ Interview Booth  ၊   ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများကို လည်းကောင်း၊ အခမ်းအနားကျင်းပမည့်  ကျောက်စိမ်းခန်းမ၌  အကယ်ဒမီဆုပေးပွဲ စင်မြင့်တည်ဆောက်နေမှု၊ LED ဘုတ်များ တပ်ဆင်နေမှု၊  ဖျော်ဖြေရေး စင်မြင့်တည်ဆောက်မည့်နေရာ၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးနေမှု၊ နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊   မီဒီယာဇုန် သတ်မှတ်ထားမှုများကို လည်းကောင်း၊  ဆုရရှိကြသူများ အင်တာဗျူးရမည့်နေရာ၊ Fashion Award ဆုများ၊  FashionAward  အကဲဖြတ်ဒိုင်များနှင့် ရွှေကြိုများ ထားရှိမည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက   ရှင်းလင်းပြသကြသည်။

 ထို့နောက်  အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများက LED  ဘုတ်များ၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အခမ်းအနားသို့  တက်ရောက်ကြမည့်သူများ အတွက် နေရာထိုင်ခင်းနှင့်  ဧည့်ခံရေး အစီအစဉ်များ၊ ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊     ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေးနှင့်    လုံခြုံရေးကိစ္စရပ်များ၊  ကျွေးမွေးဧည့်ခံမည့်  အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။     

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို   ဖေဖော်ဝါရီ လ ၃ ရက်တွင် နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌   ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များကို  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအပြင်    ဖက်ရှင်ဆုများ (Fashion Awards)ကိုလည်း ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။