(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

 (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၂

    (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်း အနားကို ဆေးသုတေသန ဦးစီးဌာန အမှတ်(၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က Video Message  ပေးပို့၍  ဂုဏ်ပြုမိန့်ခွန်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက   အမှာစကား ပြောကြားရာတွင်   ယခုနှစ်ကျင်းပသည့်  ညီလာခံကို “ခိုင်မာပြီးသုတေသန ကျင့်ဝတ်နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethics” ဟု သတ်မှတ်ထားရှိကြောင်း၊ ယခုနှစ် သုတေသန ညီလာခံတွင် ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်ရုံးချုပ်)ရှိ အဆင့်မြင့် မော်လီကျူး သုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်တစ်ခု ပါဝင်သည်ဟု သိရှိရကြောင်း။

ညီလာခံသို့ တင်သွင်းမည့်စာတမ်းများတွင်  ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်သည့်  မြန်မာနိုင်ငံ၌  ရင်ဆိုင်တွေ့ကြုံခဲ့ရသော   ကိုဗစ်ကပ်ရောဂါဆိုင်ရာ  ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ၊ ရောဂါကာကွယ်မှုနှင့်  ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ကူးစက်နိုင်သော ဆေးယဉ်ပါး တီဘီရောဂါဆိုင်ရာ သုတေသနစာတမ်းများ၊ မကူးစက် တတ်သောရောဂါများအား ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ကုသရေးဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ   တပ်မတော် ဆေးသုတေသနတပ်မှ သုတေသီများ ဆောင်ရွက်ခဲ့သည့်  သုတေသန စာတမ်းများပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနသည် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက်  ယခုဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်  နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီများအား  အသုံးချ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး အတွက် သုတေသနစီမံချက် ၂၀၁ ခုအတွက် ခွင့်ပြုငွေကျပ်သန်း ၁၁၀၀ ကျော် ခွဲဝေချထား ပေးခဲ့ပြီးဖြစ်ကြောင်း။

သုတေသနညီလာခံသည် သုတေသန ပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူ များက သုတေသနရလဒ်နှင့် တွေ့ရှိမှုများကို ၎င်းင်းတို့၏အတွေ့အကြုံနှင့် အသိပညာများ ကိုအခြေပြု၍ သုံးသပ်ချက်များ၊ အကြံပြုချက်များအား မျှဝေရာနေရာလည်း ဖြစ်ခြင်းကြောင့် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အမျိုးသားကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအရေးကြီးလှသဖြင့် သုတေသန ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက   ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက  သုတေသနပိုစတာ ပြပွဲကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပထမနေ့နံနက်ပိုင်း အစီအစဉ်အဖြစ်    ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားမှုဆိုင်ရာ သုတေသနစာတမ်း၊ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု  အကြောင်းရင်း ရောဂါလက္ခဏာများ၊ ဓာတ်ခွဲဓာတ်မှန် စမ်းသပ်မှုနှင့် ရောဂါဖြစ်စဉ်များအား လေ့လာသော သုတေသနစာတမ်း၊   မြန်မာနိုင်ငံ လက်ရွေးစင် အားကစားသမားများကြားတွင်  ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အပြုအမူများ ဖြစ်ပေါ်ပျံ့နှံ့မှုများအား လေ့လာခြင်း   သုတေသနစာတမ်းများကို ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာသော ပညာရှင်များ၊ သုတေသီများက  သိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားပြီး နံနက်ပိုင်းစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

မွန်းလွဲပိုင်းတွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency- KOICA)က    ဆောက်လုပ် လှူဒါန်းခဲ့သော ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်ရုံးချုပ်)ရှိ  အဆင့်မြင့်မော်လီကျူး သုတေသနစင်တာ (Advanced Molecular Research Centre) ၏(၁၀)နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ် ကျင်းပသည်။

 ယင်းအစီအစဉ်တွင် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ကိုရီးယား နိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာ တီဘီရောဂါ သုတေသနစင်တာ ဥက္ကဋ္ဌ ဒေါက်တာ Sundae Song တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။

ဆက်လက်၍  ကူးစက်နိုင်သောရောဂါ တစ်ခုဖြစ်သည့် ဆေးယဉ်ပါးတီဘီ ရောဂါအတွက် သုတေသနတွေ့ရှိချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ကိုရီယားနိုင်ငံတို့မှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးကြသည့် "Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosis" ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။

ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ   သုတေသီပညာရှင်များ၏ အခြေခံ သုတေသနစာတမ်း ၂၃ စောင်၊ အသုံးချသုတေသန စာတမ်း ၂၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၁၃ စောင်၊ သုတေသနပိုစတာ ၅၁ စောင် စုစုပေါင်း စာတမ်း ၁၀၉ စောင်တို့ကို တင်သွင်း ဖတ်ကြားပြသကြမည်ဖြစ်သည်။

ယင်းတင်သွင်းမည့်စာတမ်းများတွင် ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ အသည်းရောဂါ၊  ဦးနှောက်နှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊   မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊   ရိုတာဗိုင်းရပ်၊ ငှက်ဖျားရောဂါ၊   ဆင်တုပ်ကွေးရောဂါ၊  တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ဆေးဝါးဗေဒဆိုင်ရာ၊  အာဟာရဆိုင်ရာ၊ ကိုယ်ဝန်စောင့်ရှောက်မှုဆိုင်ရာ၊ သူနာပြုများ၏ ဆေးရုံကျင့်ဝတ်ဆိုင်ရာ၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများနှင့် ပတ်သက်သော သုတေသန စာတမ်းများ ပါဝင်မည်ဖြစ်သည်။

ညီလာခံသို့ တင်သွင်းလာသည့် စာတမ်းများမှ   အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချ သုတေသန (Applied Research) စာတမ်းဆုများ၊   ကျန်းမာရေးစနစ် သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီ ဆုများကို စာတမ်းဆုရွေးချယ်ရေး ဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။