ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

လူကြုံတွေကလည်း    ပြောပါတယ်ကွယ်။ အဲဒီ လူကြုံတွေကပြောမှ အမေတို့ မှာ စိတ်အေးရတာပေါ့။ ဒါပေမဲ့ ခင်မှီက လည်း  မပေါ့မပါးဆိုတော့  သမီးလေးမျက်နှာမြင်ပြီးလို့ ကျန်းကျန်းမာမာဖြစ်ရင် မင်းဆီလိုက်လာဖို့ သားအမိနှစ်ယောက် တိုင်ပင်ပြီးသားပါ။ သမီးကတောင် ပြော သေးတယ်။  ကိုဘကျော်  သဘောတူပါ့ မလားလို့၊ ကိုဘကျော် သဘောမတူရင်လည်း အဒေါ်ကတော့ ခုလို ကိုဘကျော် မရှိခိုက်မှာ သမီးလေးကို လူကြုံနဲ့ဖြစ်ဖြစ် မင်းဆီ လိုက်ပို့မလို့ပါ

မခင်မှီ၏အမေမှာ သူမရှိတုန်း သူတို့ သားအမိအကြောင်းပြောရင်း  မျက်ရည် တွေ သွန်ချနေသည်။

သြော် ဒါနဲ့၊ ခု ဦးလေးရော မရှိဘူး လားအဒေါ်။ ဘယ်သွားနေပါသလဲ

ပျံဂျီဘက်မှာ   အစိုးရတိုက်ကင်းတွေ ရောက်နေတယ်ကြားလို့ ဟိုတစ်နေ့ကပင် ပန်းတိမ်းငဖဲဘက်ကို ရှောင်သွားတယ်ကွဲ့

ကိုထွန်းငြိမ်းသည် သမီးလေးကို တရှုပ် ရှုပ်နမ်းရင်း ယခုမှ သက်မချနိုင်တော့သည်။

သို့သော်  တစ်နေ့လုံး   မိုးရွာကြီးထဲ လျှောက်လာရသဖြင့် ယခု သွေးနည်းနည်း အေးသွားသောအခါ ကိုယ်ထဲက ချမ်းစိမ့် စိမ့်ဖြစ်လာလေသည်။

ဟေး ဖေဖေက ခုမှသတိပြုမိတယ်။ သမီးလည်ပင်းမှာ   ရွှေကြိုးကြီးကလည်း ဟပ်နေတာပဲ။ သမီးကို ဘယ်သူဆင်ထားတာလဲ။  မေမေကြီးလား၊  ဘဘကြီးလား၊ မေမေလား၊   ကဲ ဖေဖေ့ကို  ပြောစမ်း၊ ပြောစမ်းသမီး

သူ့သမီးငယ်၏လည်ပင်းတွင် ရွှေကြိုး တစ်ကုံး ဆွဲထားသည်ကို ယခုမှ သတိပြု မိသော   ကိုထွန်းငြိမ်းက  သမီးလေးကို ချော့မြှူသံနှင့်မေးရင်း သမီးလည်ပင်းက ဆွဲကြိုးကိုလည်း     လက်ညှိုးနှင့် ကလော်ကြည့်၏။

ကိုထွန်းငြိမ်းက သွေးရိုးသားရိုးပင် မေးလိုက်သည်ကို မခင်မှီတို့သားအမိမှာ ရုတ် တရက် မျက်နှာ ပျက်သွားကြသည်။ အမှတ်မထင်လည်း   တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ငေးငိုင်သွားကြ၏။

သို့သော် သမီးလေး၏မျက်နှာကို ကြည့်မဝရှုမဝဖြစ်ကာ သမီးလေး၏မျက်နှာနှင့် သူ့မျက်လုံးအစုံကို ခွာမရဖြစ်နေသောကို ထွန်းငြိမ်းကတော့ ဇနီးသည်နှင့် ယောက္ခမ  တို့ ရုတ်တရက် မျက်နှာပျက်သွားကြသည် ကို လုံးဝသတိမထားမိလိုက်ပေ။

ထို့ကြောင့်လည်း သူ့သမီးလည်ပင်းက ရွှေဆွဲကြိုးကို ကိုင်ကြည့်၍ ကိုထွန်းငြိမ်းက သိလိုဇောနှင့် ထပ်မေး၏။

ဟင် ခင်မှီ၊  သမီးလေးလည်ပင်းက ရွှေကြိုးက ဘယ်သူ့ရွှေကြိုးလဲဟင်၊ ခင်မှီ့ ရွှေကြိုးလည်း မဟုတ်ပါဘူး

ခင်မှီ့ရွှေကြိုးလည်း မဟုတ်ပါဘူး အစ်ကို

ခင်မှီ၏အသံက တစ်စုံတစ်ခုကို စိုးရိမ်မှုနှင့် တုန်ယင်စပြုလာသည်။

သမီးလေးလည်ပင်းက  ရွှေကြိုးဟာ မောင်ရဲမြင့်ရွှေကြိုးကွဲ့။ မောင်ရဲမြင့်ဟာ မင်းဒဟပ်ကုန်းက ထွက်သွားပြီးနောက်ပိုင်းမှာ  တစ်ခါမှ  ဒီကိုရောက်မလာဘူး။ အဲဒါ မင်းသမီးလေး တစ်လပြည့်တဲ့နေ့မှာ ပဲ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတယ်။ မေးကြည့်တော့ မင်းထွက်သွားပြီးကတည်းက သူလည်း ရခိုင်ကိုပြောင်းရတယ်တဲ့။ လေး၊ ငါးလကြာမှ ရခိုင်က သူပြန်လာတာ နဲ့ မင်းသမီးလေး တစ်လပြည့်တဲ့နေ့နဲ့ တိုက် ဆိုင်နေလို့ နာမည်ပေးကင်ပွန်းတပ်အမှတ် တရဆိုပြီး    သူ့လည်ပင်းကရွှေကြိုးကို အတင်းဆွဲ ပေးသွားတာ။ ဘယ်လိုမှ တား မရဘူး။ သူ့ကိုခင်ရင် ယူရမယ်ဆိုပြီး ဆွဲ ပေးထားခဲ့တာလေ

မခင်မှီက ပြောသင့်၊ မပြောသင့်စဉ်းစား ပြီး ထစ်ထစ်အအဖြစ်နေသည်ကို မခင်မှီ ၏အမေက ဖြစ်ကြောင်းကုန်စင် ဝင်ပြော လိုက်သည်။

သြော် သြော်

ကိုထွန်းငြိမ်း၏နှုတ်မှာမူ ဤနှစ်ခွန်းသာ ရေရွတ်ပြီး တွေသွား၏။

သမီးတစ်ကွဲ၊ မယားတစ်ကွဲ၊ ဆွေမျိုးတစ်ကွဲနှင့်    ရပ်ဝေးရွာဝေးဖြစ်ခဲ့ရသော ကိုထွန်းငြိမ်းမှာ ယခုအခါ ရဲဘော်ဖြူများ နှင့်ပတ်သက်၍ အလွန်ခင်မင်ခဲ့ကြသော ကိုရဲမြင့်ကိုပင် စိတ်ထဲက နာကြည်းနေပါပြီ။

သူဒဟပ်ကုန်းက ထွက်ပြေးသွားရပြီး နောက်ပိုင်းတွင်  ကိုရဲမြင့်  ရခိုင်ဘက်ကို ပြောင်းရသည် ဆိုသောစကားနှင့်ပတ်သက်၍ ကိုထွန်းငြိမ်းက တွေးနေသည်။ တမင်မျက်နှာပူလို့ မခင်မှီတို့ဆီ သူလာမလည် တာလည်းဖြစ်နိုင်သည် မဟုတ်ပါလား။

ကဲ မောင်ထွန်းငြိမ်းလည်း ဆာရော့ မယ်။ အဒေါ် ထမင်းပွဲပြင်လိုက်ဦးမယ်။ ဟော့ ငရုတ်သီးကလည်း ထောင်းလျက် တန်းလန်းပါလားသမီးရယ်

ဟုတ်တယ် အမေ၊ မနက်ဖြန် ဆွမ်းပို့ မယ့် ဆွမ်းဟင်းအတွက်ပါ။ ထမင်းစားပြီး မှ ဆက်လုပ်ရင်လည်း ရပါတယ်

အေးအေး   အမေ  ဆက်လုပ်လိုက် မယ်။ သမီးတို့ စကားပြောကြဦး

မခင်မှီတို့ အမေသည် မီးဖိုချောင်ထဲတွင်  မခင်မှီ  လုပ်လက်စအလုပ်များကို ဆက်လုပ်နေ၏။

မခင်မှီက ကိုထွန်းငြိမ်းကို အတွင်းခန်း ထဲသို့ လက်တို့၍ခေါ်လာသည်။

ကိုထွန်းငြိမ်းမှာ ဤအချိန်ထိ ဧည့်ခန်း ကိုပင်   မထွက်ရဲသေးပေ။   အချိန်မှာမှောင်ရီဖျိုးဖျပင် ရှိနှင့်ပြီဖြစ်သော်လည်း သူတို့ရွာကလူတွေ တစ်ယောက်ယောက် မြင်သွား၊    တွေ့သွားမှာ   စိုးရိမ်နေလေသည်။         

ဆက်လက်ဖော်ပြပါမည်။