နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအားတွေ့ဆုံ

နေပြည်တော်၊ ဇန် ၂၃

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့ နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌  သွားရောက်တွေ့ဆုံသည်။

         တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

         ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ကရင်ပြည်နယ်အတွင်းရှိ  ဒေသဆိုင်ရာ အချက်အလက်များနှင့် ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

         ဆက်လက်ပြီးတက်ရောက်လာကြသည့်  ဆန်လုပ်ငန်းရှင်များ ကိုယ်စားလှယ် ဦးအောင်ဇော်ထက် နှင့် ဟိုတယ်လုပ်ငန်းရှင်များကိုယ်စား မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဒုတိယဥက္ကဋ္ဌ ဦမျိုးမင်းအောင်ကျော် တို့က လုပ်ငန်းများ  ဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကရင်ပြည်နယ်အတွင်း ခရီးသွားလာမှု လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက  နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နိုင်ငံ့စီးပွား မြင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးထားမှုနှင့် အကျိုးရှိစွာ သုံးစွဲကြရန်လိုအပ်သည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရန် လိုအပ်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီး၊ ဒုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် MSME လုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြား ဆောင်ရွက်ပေးနေမှု၊ လုပ်ငန်းအတွက် ချေးငွေရယူလိုမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမှု၊ သွင်းအားစု ရရှိရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းနှင့်ပတ်သက်၍ ကုန်အမှတ်တံဆိပ်ဆိုင်ရာမူပိုင်ခွင့်များ ရရှိရန်လိုအပ်မှု၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများအား အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

         ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာ တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စဉ် MSME နှင့်ပတ်သက်သည့် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဆောင်ရွက် ပြီးစီးမှု အခြေအနေများသိရှိနိုင်ရန်နှင့် MSME လုပ်ငန်းလိုအပ်ချက်များ သိရှိဖြည့်ဆည်း ပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှ တွက်ရှိသော ကုန်ကြမ်းအခြေခံ စားသုံးဆီ၊ ဆန်နှင့် ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါး စသည်ဖြင့် ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း၊ ကုန်ချော ထုတ်နိုင်ရန်မှာ ကုန်ကြမ်းသည် အဓိက လိုအပ်ချက်ဖြစ်ပြီး မိမိတို့ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းကို အခြေခံ၍ စဉ်းစား ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ မိမိဒေသမှ ပြည်တွင်းဖူလုံသည်အထိ ၎င်းမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက် ထားဆောင်ရွက်သွားရန်လိုကြောင်း၊

         MSME များ အောင်မြင်ရန်မှာ ဒေသမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME အေဂျင်စီများ၊ MSME Member များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ကြောင်း၊ ကုန်ချောထုတ်လုပ် နိုင်မှသာ မိမိတို့ဒေသ စားသောက်ကုန်နှင့် သုံးကုန်အတွက် ဖူလုံနိုင်မည်ဖြစ်ပြီး ပိုလျှံပါကလည်း ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ တင်ပြချက်များအရ ကရင်ပြည်နယ်တွင် စက်မှုလုပ်ငန်း ၁၁၈၇ ခုနှင့် Member  ဝင် ၆၂၅ ဦး တွေ့ရှိရကာ ဘားအံနှင့် မြဝတီ စက်မှုဇုန် နှစ်ဇုန်ရှိပြီး ကုန်ထုတ်လုပ်မှုတွင် ထိုက်သင့်သလောက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း MSME Member Card အားလုံး လုပ်ဆောင် ကြရန်လိုပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းများ တိုးချဲ့နိုင်ရန် လိုအပ်သော အရင်းအနှီးချေးယူနိုင်မှု အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ Member Card သည် ပြည်နယ်၏ MSME လုပ်ငန်းရှင်အဖြစ် အသိသက်သေပင်ဖြစ်ကြောင်း၊ ယခုအခါ အရင်းအနှီးအတွက် ငွေချေးယူနိုင်ရန် MSME ဖွံ့ဖြိုးရေး ချေးငွေသာမက ပုဂ္ဂလိကဘဏ်  ၁၆ ခုမှလည်း Collateral Type အရ ငွေချေးငှား ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား မလွှဲမရှောင်သာ၍ ခေတ္တတာဝန်ယူနေစဉ် ကာလအတွင်း နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ချမှတ်ထားပြီး အမျိုးသားရေးရည်မှန်းချက် အနေဖြင့်လည်း တိုင်းပြည် သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊  တိုးတက် ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုပမ်းဆောင်ရွက်ရေး ဟူသည့် စီးပွားရေး ဦးတည်ချက်များကို လက်တွေ့ကျကျ ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း။

         MSME လုပ်ငန်းသည် အမျိုးသားရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းများကို အလေးထား၍ သွားရောက်တွေ့ဆုံမှုများ ပြုလုပ်ကာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း။

MSME တွေ့ဆုံမှုများတွင် အများဆုံးတင်ပြလာသည့် လိုအပ်ချက်အဖြစ် အရင်း အနှီးအတွက် ချေးငွေလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိယာ၊ မြေနေရာများ လိုအပ်ချက်များကို တင်ပြကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းအနက် အရင်းအနှီးလိုအပ်ချက်ကို အများဆုံး တွေ့ရှိရသဖြင့် နိုင်ငံတော် အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၇၀ ဘီလီယံအထိ မတည် ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိပါက Online လျှောက်လွှာဖြင့် ရယူနိုင်ပြီး ပုဂ္ဂလိက ဘဏ် ၁၆ ခုတို့ဖြင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း။

         နည်းပညာနှင့်ပတ်သက်၍ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးမှုသည် အဓိကကျကြောင်း၊ ဈေးကွက်မရရှိခြင်းနှင့် ရေရှည် မထိုးဖောက်နိုင်ခြင်းသည် Labour Skill တွင် လိုအပ်ချက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ကျွမ်းကျင် လုပ်သားရရှိရေးအတွက် ဝန်ကြီးဌာန ၁၀ ခုတွင် လုပ်ငန်းအလိုက် သင်တန်း ၂၆၀ ခု လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းသင်တန်းအမျိုးအစားနှင့် ကာလများကို MSME Web portal တွင် တင်ပေးထားရှိပြီး ဒေသအလိုက် MSME အေဂျင်စီများကလည်း အားလုံးသိရှိနိုင်အောင် Awareness လုပ်ပေးနေရန်လိုကြောင်း၊ ကျွမ်းကျင် လုပ်သားရှိမှသာ အရည်အသွေး ကောင်းမွန်သော ထုတ်ကုန် ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဝယ်လိုအား  Demand လည်း ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ တစ်နိုင်ငံလုံးရှိ လူငယ်များအတွက် KG+9 အောင်မြင်ပြီး၍ အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာအထက်တန်းနှင့် အဆင့်မြင့် ပညာတက်ရောက်ရန် အခက်အခဲရှိ သူများအတွက် ခရိုင် ၅၁ ခုတွင် ကျောင်း ၅၁ ကျောင်းဖွင့်လှစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေး သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် Certificate ရရှိပြီး လုပ်ငန်းခွင် ဝင်နိုင်သကဲ့သို့ ထူးချွန်ပါက လည်း ၎င်းတို့သင်ယူခဲ့သည့် ဘာသာဖြင့် တက္ကသိုလ် ပညာရေးကို ဆက်လက်သင်ယူ နိုင်ကြောင်း။

         ကုန်ကြမ်းလိုအပ်ချက်နှင့်ပတ်သက်၍ ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းကိုသာ အခြေခံ၍ ကုန်ချောထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သော ကုန်ကြမ်းကို ပြည်ပမှ ဝယ်ယူခြင်းဖြင့် နိုင်ငံခြားငွေ ကုန်ကျခြင်းနှင့် အခြားသော ကန့်သတ်ချက်များ ကြုံတွေ့နိုင်ပြီး ရေရှည်ဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်နိုင်ကြောင်း၊ နိုင်ငံအတွင်း ဒေသအလိုက်ရရှိနိုင်သော ကုန်ကြမ်းများရှိပြီးဖြစ်ကြောင်း၊ ကရင် ပြည်နယ်တွင် ရော်ဘာထွက်ရှိမှုနှင့် နည်းပညာအရ အခြားဒေသများထက် အားသာမှု ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သကဲ့သို့ ရော်ဘာထွက်ကုန်အား တစ်နိုင်ငံလုံး ယာဉ်အမျိုးမျိုး၏ တာယာများတွင် အသုံးပြုသကဲ့သို့ အခြားလူသုံး ကုန်များတွင်လည်း အမြောက်အများ အသုံးပြုနေသည့် ဈေးကွက်များရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း။

         ဈေးကွက်လိုအပ်ချက်အနေဖြင့် MSME အေဂျင်စီများမှတစ်ဆင့် ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နေရန် လိုကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း၊  မိမိတို့၏ ဒေသအလိုက် ထွက်ရှိသည့် ထုတ်ကုန်များကို အကောင်းဆုံးပြင်ဆင်၍ ပွဲထုတ်သွားရန် လိုကြောင်း၊ အချို့ကုန်စည်များသည် ပြည်တွင်းတွင် အရည်အသွေးမီ ထုတ်နိုင်သော်လည်း အများစုသည် ကောင်းစွာ မသိကြကြောင်း၊ ဈေးကွက် ရှာဖွေရေးအတွက် ဝန်ကြီးဌာနများမှတစ်ဆင့် ဆက်သွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ကာ Promotion ပြုလုပ်ပေးရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့သည် သီလဝါအထူး စီးပွားရေးဇုံ (SEZ) နှင့်ဆက်သွယ်၍ ပြည်ပ ဈေးကွက်သို့ ချိတ်ဆက် တင်ပို့နိုင်၍ အချို့ ထုတ်ကုန်များ အမှာစာ ပေးပို့လာသည်ကို တွေ့ရကြောင်း၊ သီလဝါ အထူစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ဟူ၍ ၂ ပိုင်းရှိပြီး စီမံခန့်ခွဲမှုကော်မတီနှင့် ဆက်သွယ်၍ မိမိတို့၏ ကုန်ပစ္စည်းများကို တင်ပို့နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချင်းချင်း ချိတ်ဆက်၍ သုံးစွဲသူတို့၏ လိုအပ်ချက်များနှင့် အကြိုက်ကို သိရှိရန်လိုပြီး နည်းပညာဖြင့်  အရည်အသွေးမီထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်ရရှိရေး ပြည်နယ်အစိုးရ၊ MSME အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ် ဆောင်ရွက် နေရန် လိုသကဲ့သို့ လုပ်ငန်းရှင်များကလည်း မိမိတို့၏ ထုတ်ကုန်များ အရည်အသွေးမြှင့်၊ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် လိုကြောင်း။

         စိုက်ပျိုးရေးတွင် မျိုးရွေးချယ်မှုသည် အရေးကြီးကြောင်း၊ အချို့ဒေသများတွင် ဈေးကောင်းရသည့်မျိုးကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးအောင်မြင်နေသည်ကို တွေ့ရ ကြောင်း၊ ပြည်ပဈေးကွက်တွင် သာမာန်ဆန် မတ်ထရစ် ၁ တန် ဒေါ်လာ ၃၅၀ မှ ၄၅၀ ကြားခန့်သာ ရှိချိန်တွင် အမျိုးအစားကောင်းပြီး အရည်အသွေးပြည့်သည့်ဆန်မွှေးသည် ဒေါ်လာ ၁၂၀၀ ခန့် ရရှိနိုင်ကြောင်း၊ ထို့ပြင် စိုက်နည်းစနစ်နှင့် သွင်းအားစု မကွာခြားသော်လည်း မိရိုးဖလာ စိုက်ပျိုးသည့် ပုံစံနှင့် သိပ္ပံနည်းကျ ဧက ကွက်ဖော်ဆောင် စိုက်ပျိုးမှုသည့် အကျိုးကျေးဇူးရရှိမှုများစွာ ကွာခြားသည်ကို သိရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်ရန် စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသည့် စကားအတိုင်း ပြည်နယ်အစိုးရ၊ MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့် ထားပါကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်၍ တင်သွင်းသူ (Inporter) အဖြစ်မှ တင်ပို့သူ (Exporter) ဖြစ်အောင် ကြိုးပမ်းသွား ရန်လိုကြောင်း၊ လူတစ်ဦးချင်းမှစ၍ အခြေခံကောင်းများဖြင့် မိသားစုအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်သည် အထိ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ဖြင့်ပြောကြားသည်။

     ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု ထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို  ကြည့်ရှုကြရာ  တာဝန်ရှိသူများက  လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။