(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၃

    ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော  “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို  ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ  ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)၌  ကျင်းပရာ နံနက်ပိုင်းတွင် သုတေသန စာတမ်းရှင်များက အခြေခံ သုတေသန စာတမ်း၊   အသုံးချ သုတေသနစာတမ်း၊  ကျန်းမာရေးစနစ် သုတေသနစာတမ်း စုစုပေါင်း ၁၀ စောင်ကို ဖတ်ကြားတင်ပြခဲ့ကြသည်။ 

တင်သွင်းခဲ့သော   သုတေသနစာတမ်းများမှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ပလပ်စ်မိုဒီယမ်ဗိုင်းဗက်စ် သာမန်ငှက်ဖျားရောဂါအပေါ် ကလိုရိုကွင်းဆေး၏ အာနိ သင်နှင့်လုံခြုံစိတ်ချမှုကို  စမ်းသပ်ခြင်း သုတေသနစာတမ်းကို  ဒေါက်တာမိုးကျော်မြင့်က လည်းကောင်း၊ မြန်မာနိုင်ငံဝိုင်းမော်မြို့နယ်ရှိ   ဗိုင်းဗက်စ် ငှက်ဖျားပိုးများ၏ ဆေးယဉ်ပါးမှုကို မော်လီကျူးနည်းပညာဖြင့် လေ့လာခြင်း (၂၀၂၂) သုတေသနစာတမ်းကို ဒေါက်တာမြတ်ထွဋ်ညွန့်က လည်းကောင်း၊  မြန်မာဆေးယဉ်ပါး တီဘီလူနာများတွင် လင်နီ ဇိုးလစ်ဆေးပမာဏ နှစ်မျိုး၏ ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်းဆေးဝါးကြမ္မာ (Pharmacokinetics)နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု (Pharmacodynamics) နည်းလမ်းဖြင့် လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာခင်နှင်းပွင့်က လည်းကောင်း၊ အသက် ၄၀ နှစ်နှင့်အထက် သွေးတိုးဝေဒနာ ခံစားနေရသော လူနာများအကြား  ကျန်းမာရေးဌာန၏ သွေးတိုးရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး  လေ့လာသော သုတေသနစာတမ်းကို  ဒေါက်တာမေစံပါယ်စိုးက လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် မြွေကိုက်ခံရသော ကလေးနှင့် ဆယ်ကျော်သက်လူငယ်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲပြဿနာများ၊ ရောဂါကုသမှု အခြေအနေများကို လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာခင်သန်းရီက လည်းကောင်း၊ အသည်းခြောက်ရောဂါ ဖြစ်ပွားသော ကလေးများတွင် အသည်း၏ လုပ်ငန်းဆောင်တာများနှင့် အသည်းမကောင်းခြင်းကြောင့်   နောက်ဆက်တွဲဦးနှောက် ထိခိုက်မှုအပေါ်   ပရိုဘိုင်အိုတစ် ဆေးဝါး၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာသက်နိုင်ထွန်းက လည်းကောင်း၊ ဝေသာရဇ္ဇဆေးပုလဲကလာပ် (တိုင်းရင်းဆေးအမှတ်-၂၃)၏ ရက်တိုအဆိပ် အာနိသင်နှင့် နာကျင်ကိုက်ခဲမှု သက်သာစေသော အာနိသင်အား ဓာတ်ခွဲခန်း တိရစ္ဆာန်များအပေါ်တွင်  စမ်းသပ်ခြင်း သုတေသနစာတမ်းကို ဒေါ်မို့မို့အောင်က လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး ဝန်ထမ်းများတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆိုင်သောအချက်များအား လေ့လာခြင်း သုတေသနစာတမ်းကို ဒေါ်ခင်ယမင်းဟန်က လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍   သိမြင်နားလည် သဘောပေါက်မှုနှင့် အလေ့အကျင့်များအား လေ့လာဆန်းစစ်ခြင်းနှင့် သွေးဘဏ်လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ စိန်ခေါ်မှုများကို အရည်အသွေးစံထားလေ့လာ ဆန်းစစ်ခြင်း သုတေသန (အမျိုးသားသွေးဌာန၊ ရန်ကုန်)၌ လေ့လာတွေ့ရှိချက် သုတေသနစာတမ်းကို ဒေါက်တာရန်လင်းမောင်က လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  အထူးကုဆေးရုံကြီးခုတင်-၅၀၀ (ရန်ကုန်)နှင့်  အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)တို့ရှိ ဓာတ်ခွဲဌာနများ၏ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများတွင် လူနာဘေးကင်း လုံခြုံမှုအစဉ်အလာအား ဆန်းစစ်ခြင်း(၂၀၂၀- ၂၀၂၁) သုတေသနစာတမ်းကို ဒေါက်တာအောင်ဝေဖြိုးက လည်းကောင်း ဖတ်ကြား တင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

နံနက်ပိုင်းသဘာပတိများအဖြစ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဆေးသုတေသန ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမို့မို့ထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင်  “မကူးစက်တတ်သော ရောဂါများအားကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများဆိုင်ရာ ဆွေးနွေးခြင်း- Non-Communicable Diseases: Preventionç Promoting Control and the Way Forward” ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ရုရှားသိပ္ပံပညာဆိုင်ရာ အကယ်ဒမီအဖွဲ့ဝင် ကင်ဆာရောဂါပါရဂူ ပါမောက္ခ Vladimir Moiseenko  က ကင်ဆာရောဂါများအတွက် နောက်ဆုံးပေါ် ကုထုံးအကြောင်းကို Online မှတစ်ဆင့် ပါဝင်ဆွေးနွေးသည်။ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ သုတေသီများ ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက  မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။