အားကစားဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ကြသူများ၏ စကားသံများ

 

အားကစားဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ကြသူများ၏ စကားသံများ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစားကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် လူငယ်များ၏ စွမ်းပကားဖြင့် မြှင့်တင်ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင်  ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစား အဖွဲ့အား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပရာ အဆိုပါ အခမ်းအနားတွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဦးအောင်ချိုမြင့်၊ နည်းပြချုပ် (ပိုက်ကျော်ခြင်း)

      အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့(၁၉)ကြိမ်မြောက်  အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံ့ကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားအသင်းအတွက် နည်းပြချုပ်အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။  နိုင်ငံတော်အတွက်  အခုလို ရွှေတံဆိပ်ဆုကို ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ အပျော်ဆုံးလည်းဖြစ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့  ၤငညေူ ပွဲစဉ်မှာဆိုရင် အားကစားသမားတွေအနေနဲ့ နိုင်ငံတော်အတွက်  အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် ပိုက်ကျော်ခြင်း အားကစားနည်းက အရှေ့တောင်အာရှဒေသမှာ တော်တော်လေး တိုးတက်လာတဲ့ အားစားနည်းတစ်ခုဖြစ်တဲ့အတွက် အခြားနိုင်ငံတွေကလည်း  အကောင်းဆုံးအနေအထားတွေမှာ ရှိနေပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အစုံတွေ့ရပါတယ်။ ပြိုင်ပွဲဝင် အသင်းတိုင်းက သူတို့နိုင်ငံမှာ အကောင်းဆုံးဆိုတဲ့ အားကစားသမားတွေကို ရွေးချယ်ပြီး လာရောက်ယှဉ်ပြိုင်ကြတာ ဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းကို ကြိုးစားပမ်းစား ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အားကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး အခုလိုထိုက်ထိုက်တန်တန်  ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် အများကြီးအားရသလို ပီတိလည်း ဖြစ်မိပါတယ်။   ပြည်သူတွေအနေနဲ့လည်း နိုင်ငံတော်ရဲ့ဂုဏ်ကို  ဆောင်နိုင်ဖို့အတွက် ကြိုးစားအားထုတ်နေတဲ့ ဘယ်အားကစားနည်းက အားကစားသမားကို မဆို တတ်နိုင်သမျှ ဝန်းရံပြီး အားပေးကြပါလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။

တပ်ကြပ်ကြီးစိုးပေ၊ပြေးခုန်ပစ်မီတာ(၁၀၀၊၂၀၀)ကြေးတံဆိပ်နှစ်ခု

       တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟန်ကျိုးမြို့ မှာကျင်းပခဲ့တဲ့ (၄)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြေးခုန်ပစ် မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ နိုင်ငံတော်အတွက် ကြေးတံဆိပ် နှစ်ခုရရှိအောင် အကောင်းဆုံးကြိုးစားခဲ့ပါ တယ်။ ကျွန်တော်အရင်ကပါဝင်ယှဉ်ပြိုင် ခဲ့ဖူးတဲ့  အာဆီယံအဆင့် ပြိုင်ပွဲတွေလို မဟုတ်ပါဘူး။ အထောက်အကူပြုပစ္စည်းတွေကအစ ကွာဟချက်လေးတွေ ရှိပါတယ်။

ကြိုးစားအားထုတ်တဲ့ နည်းစနစ်ပိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတတွေ အများကြီးရခဲ့ပါတယ်။ အာဆီယံအဆင့်ပြိုင်ပွဲတွေထက် အတွေ့အကြုံတွေ အများကြီးရခဲ့သလို  စံချိန်ကောင်းတွေလည်း အများကြီးရရှိခဲ့ပါတယ်။  ဒီလိုကြိုးစားအားထုတ်မှုကြောင့် နိုင်ငံတကာရဲ့ အလယ်မှာ   ကျွန်တော်တို့နိုင်ငံတော်ရဲ့ အလံကို လွှင့်ထူနိုင်ခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူ ဝမ်းမြောက်ခဲ့ရပါတယ်။ 

မသန်စွမ်းတစ်ယောက်အနေနဲ့ တစ်ချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် အားနည်းချက်တွေ ရှိတယ်။ အားကစားလောကထဲကို ရောက်လာပြီး အထက်လူကြီးတွေရဲ့ သွန်သင်ဆုံးမပြီးနည်းလမ်းကောင်းတွေကို ညွှန်ပြပေးမှု၊ နည်းပြဆရာတွေရဲ့ သားသမီးအရင်းလို သဘောထားပြီး  ပြုစုပျိုးထောင်ပေးမှု၊ မှန်ကန်တဲ့နည်းလမ်းတွေကို စေတနာအပြည့်နဲ့ သင်ကြားပြသပေးမှုတွေကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ အများကြီး ရရှိခဲ့ပါတယ်။ ကျွန်တော်အခုလို အောင်မြင်မှုတွေရရှိခဲ့တာ ကျွန်တော်တစ်ဦးတစ်ယောက်တည်းကောင်းလို့ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရနဲ့ အထက်အကြီးအကဲတွေရဲ့ ပံ့ပိုးကူညီမှု၊  နည်းပြဆရာ၊  ဆရာမတွေရဲ့ မွန်မြတ်ဖြူစင်တဲ့ စိတ်ထားတွေနဲ့   ပြုစုပျိုးထောင်ပြီး စေတနာအပြည့်နဲ့ လေ့ကျင့်ပေးမှုတွေကြောင့် အခုလိုအောင်မြင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲတွေနဲ့ ကျွန်တော့််ရဲ့  ဆရာ၊ ဆရာမတွေကိုလည်း   ဒီအောင်မြင်မှုရဲ့ အရသာကို မျှဝေခံစားစေချင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အားကစားသမားတွေကို အခုလိုအခမ်းအနား ကျင်းပပြီး ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။   ကျွန်တော်တို့လို   မသန်စွမ်း အားကစားသမားတွေကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲနဲ့  တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Lun (ခ)ရဲမင်းနိုင်၊ နည်းပြ YG) Dota 2 E-Sports Team

    ကျွန်တော်တို့ အသင်းအနေနဲ့ E-Sports Game  တစ်ခုဖြစ်တဲ့ Dota 2 Game  ရဲ့ နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့  ရိုမေးနီးယား နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ E-Sportsချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ် ဆုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း၁၁၄ နိုင်ငံက E-Sports Team အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမေရိကဘက်က USAတို့လို အသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့  ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေအားလုံးမှာ တစ်ပွဲထက်တစ်ပွဲ ဒီထက်ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့  အများကြီး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့လို E-Sports Game အားကစားသမားတွေကို အခုလိုနိုင်ငံတော် အဆင့်အခမ်းအနားကြီးနဲ့ ဆုချီးမြှင့်မယ်လို့ လုံးဝထင်မထားပါဘူး။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို အခုလိုခမ်းခမ်းနားနား ဂုဏ်ပြုချီးမြှင့်ပေးတဲ့ အတွက်အားကစားသမားတွေအနေနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို     အားကစားနဲ့ မြှင့်တင်နိုင်ဖို့ အခုထက်ပိုပြီးကြိုးစားလာကြမယ်လို့ ထင်ပါတယ်။ E-Sports Game တွေကို  စိတ်ဝင်တစား ကစားနေကြတဲ့ လူငယ်တွေကို ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ဘာကိုပဲလုပ်လုပ်ရည်မှန်းချက်ထားပြီးတော့  တစိုက်မတ်မတ် လုပ်ကြဖို့ ပြောချင်ပါတယ်။

ခင်ချယ်ရီသက်၊ ပီတန်း(ရွှေတံဆိပ်)

      ထိုင်းနိုင်ငံတွင်ကျင်းပသည့်   (၁၉)ကြိမ်မြောက်  ကမ္ဘာ့ပီတန်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီး တစ်ဦးချင်း အပစ်ပြိုင်ပွဲမှာ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ၂၀၂၂ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခု၊ ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခုရရှိထားပါတယ်။ နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင်အားကစား သမား တစ်ယောက်ဖြစ်လာဖို့အတွက် အများ ကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်။ အခုလို ရွှေတံဆိပ်ဆုရရှိဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေသာမကဘဲ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်း အများကြီး လုပ်ခဲ့ရပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေကို နိုင်ငံတော်က အခုလိုထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် အတိုင်းထက်အလွန်ဝမ်းသာမိသလို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ပီတန်းအားကစားနည်းနဲ့ပတ်သက်ပြီး အခုထက်ပိုပြီး တိုးတက်ဖို့ အတွက် ကျွန်မအနေနဲ့ လူငယ်အားကစားသမားတွေကိုလက်တွဲခေါ်မယ်။ ကိုယ်ကိုယ်တိုင်ကလည်း အခုထက်ပိုပြီး ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

မေဟန်နီအောင်လွင်၊ ဗိုဗီနမ်(ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်တစ်ခု)

      (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစားသုံးခုကို ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါတယ်။ ကျွန်မတို့လို အားကစားသမားတွေကို အခုလိုမျိုးထိရောက်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့  တာဝန်ရှိသူများအားလုံးကို  အထူးပဲကျေးဇူးတင်ပါတယ်။ 

အခုနောက်ပိုင်းမှာ ဗိုဗီနမ်အားကစားနည်းက အရမ်းတွင်ကျယ်လာပါပြီ။ နွေရာသီသင်တန်းတွေနဲ့ အဖွဲ့ချုပ်ကက်ခံသင်ကြားပေးနေတဲ့ သင်တန်းတွေ အများကြီးရှိပါတယ်။ မြောက်ဒဂုံ၊  မောင်းမကန် - ကန်သာယာလမ်း၊ မဝတလမ်းဆုံမှာ ကျွန်မတို့ဗိုဗီနမ် အားကစားအဖွဲ့ချုပ်ရှိပါတယ်။  ဗိုဗီနမ် အားကစားနည်းကို   စိတ်ပါဝင်စားလို့ သင်တန်းတက်ရောက်ချင်တဲ့သူတွေ အနေနဲ့  အဖွဲ့ချုပ်နဲ့ ဆက်သွယ်လို့ရပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မတို့လို ဗိုဗီနမ်အားကစား သမားတွေနဲ့ အခြားအားကစားသမားတွေကို အခုထက်ပိုပြီး   ချစ်ခင်အားပေးကြပါလို့ပြောချင်ပါတယ်။  ။