ဂျင်းမွေးမြူရေး လုပ်ငန်းအကြောင်း သိကောင်းစရာ

 

ဂျင်းမွေးမြူရေး လုပ်ငန်းအကြောင်း သိကောင်းစရာ

 

      စီးပွားဖြစ် ဂျင်းမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး  ကျွန်းစုမြို့နယ်   ရေကန်တောင် ကျေးရွာအုပ်စု ရေကန်တောင်ကျေးရွာမှ  ဂျင်းမွေးမြူသူ ဒေါ်နီနီနှင့် တွေ့ဆုံ မေးမြန်းမှုများကို ရေးသား တင်ပြလိုက်ရပါသည်-

မေး။ ။ ပထမဆုံး အနေနဲ့ ဂျင်းနဲ့ပတ်သက်ပြီး အနည်းငယ် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့။ ဂျင်းဆိုတာ ခုံးခရုမျိုးနွယ်ဝင် တစ်မျိုးပါ။  ဒီဘက်ဒေသအခေါ်ကဂျင်းပါ။ ရခိုင်ဘက်မှာတော့ သွေးခုံးလို့ခေါ်ပါတယ်။

မေး။ ။ ဂျင်းမွေးမြူရေးကို ဘယ်အချိန်လောက်ကစလုပ်တာလဲ။

ဖြေ။ ။ ဂျင်းကို ၂၀၁၁ ခုနှစ်လောက်မှာစတင် သတိထားမိခဲ့ပါတယ်။ ဂျင်းသားပေါက်တွေစတင်တွေ့ရှိတဲ့အချိန်ကစပြီး  ဂျင်းသားပေါက်တွေကို စတင်မွေးခဲ့ပါတယ်။ မွေးမြူရေး မလုပ်ခင်မှာ  ဂျင်းအလုံးကြီးတွေကို ထိုင်းမှာစမ်းပြီး   သွားရောင်းကြည့်ခဲ့တယ်။

မေး။ ။ အဲဒီတုန်းက ထိုင်းမှာဈေးကွက်  အနေအထားဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီတုန်းကတစ်ကီလိုကို  ၁၀ ဘတ်ပဲရတယ်။  တွက်ခြေမကိုက်တော့ ကန်ထဲမှာထည့်ပြီး     မွေးထားတယ်။နောက်ပိုင်းမှာ တစ်ကီလိုကို ၁၅ ဘတ်ပေးလာတယ်။ အခုကတော့ဘတ် ၉၀  လောက်အထိ ပေးလာတယ်။

မေး။ ။ ဂျင်းမွေးမြူရေးလုပ်ငန်း ကျယ်ပြန့်လာတဲ့ အနေအထားကိုပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မတို့ဂျင်းမွေးမြူရေး လုပ်ငန်းကို ၂၀၁၃ -၂၀၁၄ ခုနှစ်လောက်မှာ လုပ်ငန်း လိုင်စင်စတင် ရရှိခဲ့ပါတယ်။ အဲဒီကနေ လုပ်ငန်းတွေက  တဖြည်းဖြည်းနဲ့များလာတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာတော့ လုပ်ငန်းတွေက  အကျယ်ပြန့်ဆုံး အနေအထား ရောက်လာတယ်။ အောင်လည်းအောင်မြင်လာတယ်။ လိုင်စင်တွေလည်း ဆက်တိုက်ချပေးလာတယ်။

မေး။ ။ အခုလက်ရှိအနေအထားမှာ ဂျင်းဝယ်ယူတင်ပို့မှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ အရင်တုန်းက ထိုင်းကိုသွားရောင်းတော့ ထိုင်းကပေးတဲ့ ဈေးအတိုင်းရောင်းရတယ်။ အခုကတော့ထိုင်းကို တင်ပို့စရာမလိုဘဲ ဒီမှာပဲရောင်းရတာ တွက်ခြေကိုက်နေပါတယ်။ ဂျင်းမွေးမြူတဲ့ ကန်တွေက ပြန်လည်ဝယ်ယူတဲ့အတွက် လုပ်ငန်းတွေက အောင်မြင်မှုရှိလာပါတယ်။

မေး။ ။ အဲဒီတော့ဒေသခံတွေ အတွက် ဘာတွေအကျိုးရှိလဲ။

ဖြေ။ ။ ဒေသခံတွေကတော့ ဂျင်းသားပေါက် မွေးမြူတဲ့အချိန်ကနေစပြီး ဈေးကွက်ဝင်ဂျင်းအလုံးကြီးရတဲ့အချိန်အထိအလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနေပါတယ်။

မေး။ ။ လက်ရှိဈေးကွက် အနေအထားကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ပုံမှန်အားဖြင့်တော့ ဂျင်းတစ်ကီလိုကို ငွေကျပ် ၈၀၀၀ ပျမ်းမျှရရှိနေပါတယ်။ အလုံးရေ  ၁၀၀  အောက်ဆိုရင်  ငွေကျပ် ၈၀၀၀ ရရှိတယ်။ အလုံးရေ ၁၀၀ အထက်ဆိုရင်ငွေကျပ် ၇၅၀၀ မှ ၆၅၀၀ စသဖြင့် ဈေးဖြတ်ထားတယ်။

မေး။ ။ ဂျင်းမွေးမြူတဲ့ဆိုဒ်တွေကို ဘယ်လိုခွဲပြီး မွေးကြလဲ။

ဖြေ။ ။ ဂျင်းတစ်ကီလိုမှာ အလုံးရေ ၃၀၀၀၀ ဆိုဒ်တွေကို အများဆုံး မွေးမြူကြပါတယ်။အဲဒီလိုမွေးလာရာကနေ  တစ်ကီလိုကို အလုံး  ၁၀၀ အောက်ရောက်တဲ့အထိ မွေးမြူရပါတယ်။

မေး။ ။ မွေးမြူရာမှာ အောင်မြင်မှုရာခိုင်နှုန်းက ဘယ်လောက်ထိ ရနိုင်မလဲ။

ဖြေ။ ။ ဂျင်းသားပေါက်တွေသေတဲ့ အကောင်တွေလည်းရှိပါတယ်။ ဒီနှစ်မှာတော့ ၂ ဆမှ ၃ ဆ အထိကောင်ရေ ပွားတယ်။ အခုကတော့ အတိအကျတော့ မတွက်ချက်ရသေးပါဘူး။

မေး။  ။ ဂျင်းမွေးမြူရေး လုပ်ငန်းတွေက ဘယ်လောက်အထိ အလားအလာရှိလဲ။ ထိုင်းဈေးကွက်တစ်ခုတည်းကိုပဲမှီခိုနေရတာလား။    တခြားဈေးကွက်တွေကိုရော ထိုးဖောက်ဖို့ ရှိလား။

ဖြေ။ ။ လက်ရှိအနေနဲ့ကတော့ ထိုင်းကိုပဲပို့နေရပါတယ်။ ထိုင်းနိုင်ငံကတော့ အခြား နိုင်ငံတွေကိုလည်း   တင်ပို့နေတယ်လို့ သိရတယ်။ အခုလက်ရှိ အနေအထားကတော့ နေပူရှိန်ပြင်းရင် ဂျင်းတွေသေတယ်။

မေး။ ။ သဘာဝဂျင်းနဲ့  ပတ်သက်ပြီး ဝယ်ယူတဲ့အပိုင်းလေး သိချင်ပါတယ်။

ဖြေ။ ။ ဝယ်ယူတဲ့အပိုင်းကတော့ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း ဝယ်ယူပေးကြတယ်။ရပ်ရွာရန်ပုံငွေဆိုပြီးတော့ ပိုက်ဆံထည့်ပေးရတယ်။ ဂျင်းကောက်တဲ့ သူတွေကတော့ မည်သူမဆို လာရောက် ကောက်ယူနိုင်ပါတယ်။ ကောက်တဲ့သူတွေကတော့ လှေနဲ့ လာကောက်ကြပါတယ်။

မေး။ ။  ဂျင်းသားပေါက်တဲ့အချိန်ကို နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ။ ။ ဂျင်းသားပေါက်တဲ့ အချိန်က ၁၀လပိုင်းလောက်ဆို  သားပေါက်တယ်။ ရောင်းတမ်းဝင်တဲ့  အရွယ်အစားလောက် ရောက်ရင် စရောင်းပေးပါတယ်။ ပင်လယ်ဒီရေ အတက်အကျကြည့်ပြီးတော့ ဂျင်းသားပေါက်ကောက်ရမယ့် အချိန်ကို သတ်မှတ်ပေးတယ်။ပထမတစ်ကြိမ်  သုံးရက်လောက် ဖွင့်ပေးတယ်။ ပြီးရင်နောက်တစ်ကြိမ်ပြန်ပိတ်တယ်။ ရွှံ့ပြင်အနေအထား မှန်လာပြီဆိုရင် နောက်တစ်ကြိမ်ပြန်ဖွင့်ပေးတယ်။ အဲဒီလိုမျိုး ဂျင်းသားပေါက်ကုန်တဲ့အချိန်ကျ ပြန်ပိတ်လိုက်တယ်။ သဘာဝ ဂျင်းသားပေါက်ကို ဒီလိုပဲ တစ်နှစ်လောက်ပြန်ထားရတယ်။ အဲဒီလိုနဲ့သဘာဝဂျင်းသားပေါက်တွေ ပြန်ပြန်ပြီး များလာပါတယ်။

မေး။ ။ အခက်အခဲနဲ့တခြားဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ ဂျင်းမွေးမြူရေးကန် ၁၀၀ ကျော်လောက်ရှိတယ်။ ဂျင်းမွေးမြူဖို့အတွက်  ဂျင်းသားပေါက်မရမှာဘဲ စိုးရိမ်နေပါတယ်။  သားပေါက်ရနေရင်တော့   တစ်နှစ်ပတ်လုံး မွေးမြူလို့ရပါတယ်။  ။