စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီများမှဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီများမှဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၅

   ‌စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တို့ အတွင်းရှိဘုရားစေတီ (၁၂)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၁၇၆ ဦး၊ အုပ်ချုပ်သူ ၃ ဦးနှင့် စစ်ကိုင်းမြို့ သုခကာရီဓမ္မအလင်းရောင်အသင်းမှ ၄ဝ ဦး၊ စုစုပေါင်း ၂၁၉ ဦးတို့သည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုပြသည်။ 

  ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကိုပြသသည်။

  ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်း လင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေး မြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။  

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။  

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

ဦးထွန်းဌေး၊ စစ်ကိုင်းသုခကာရီ လေးကျွန်းမြေအုဌ်ကျောင်း

စစ်ကိုင်းမြို့က သုခကာရီကျန်းမာရေးနဲ့လူမှုကူညီရေးအသင်းကြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းဌေးဖြစ်ပါတယ်။ ဒီဘုရားကြီးကို ကျွန်တော်တို့ဆီကနေလာဖူးဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ အခုလို တိုင်းဒေသကြီးအစိုးရကနေ စီမံဆောင်ရွက် ပေးမှုကြောင့် ကျွန်တော်တို့အဖွဲ့တွေ သွားရေးလာရေး၊ စားသောက် စရိတ်တွေရော အားလုံးအကုန်အကျခံပီးတော့ ဘုရားဖူးမျှော်ခွင့်ပေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ဒီမှာအံ့မခန်းတွေ့ရှိရတဲ့ ဘုရားကြီးကိုလည်း မထင်မှတ်ဘဲ သဒ္ဓါတရားရှိရှိ ဖူးမျှော်ခွင့်ရခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးတင်ရပါတယ်။ နိုင်ငံတော်အစိုးရကို လည်းကျေးဇူးတင်ရှိကြောင်း ဒီကနေပြောလိုပါတယ်။

ဦးခင်ဇော်၊ စစ်ကိုင်းမြို့၊ မဟာရွှေစည်းခုံ စေတီတော်ကြီး ဂေါပကအဖွဲ့ဝင်

ကျွန်တော့နာမည် ဦးခင်ဇော်ပါ။ ကျွန်တော်က စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မဟာရွှေစည်းခုံ စေတီတော်ကြီး ဂေါပကအဖွဲ့ဝင် ဖြစ်ပါတယ်။ အခုဒီလို လာရောက်ဖြစ်တာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့စီစဉ်ပံ့ပိုးမှုနဲ့ စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးကျော်စွာမောင်စိုး ဦးစီးပြီး အခုလိုနေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြတာဖြစ်ပါတယ်။ လာတာကတော့ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရွှေဘိုမြိုနယ်မှာရှိတဲ့ ဂေါပကအဖွဲ့ဝင် စုစုပေါင်း ၂၁၉ ဦး လာရောက်ဖူးမြှော်ကြခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်အနေနဲ့ ဘုရားကြီးနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားသတင်းတွေမှာလည်း ကြည့်ရှုဖူးပါတယ်။ ဒါပေမယ့် အခု ကိုယ်တိုင်ကိုယ်ကျ ဖူးမြှော်ရတဲ့အချိန်မှာ လွန်စွာမှ ကြည်ညိုရပါတယ်။ ပြုလုပ် တည်ဆောက်ထားတာတွေကလည်း အင်မတန်မှကြီးကျယ်ခမ်းနား လွန်းလှပါတယ်။ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ရင်သပ်ရှုမော ဖွယ်ဖြစ်မိပါတယ်။ တည်ဆောက်ထားတဲ့ ဦးဆောင် ဘုရားဒယကာကြီးဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ပါဝင်တဲ့ဘုရားဒယကာတွေ အကုန်လုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဂုဏ်လည်းယူမိပါတယ်။ ဝမ်းလည်းသာပါတယ်။ တည်ဆောက်ထားတာက ပြီးပြည့်စုံလွန်းလှပါတယ်။ ဘက်စုံပေါ့လေ။ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားတာ အင်မတန်မှ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဘုရားတွေတောင် ဒီလောက် ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး။ အခုဒီလိုဖူးမြှော်ရတာ ကျွန်တော်တို့ ဂေါပကတွေအတွက် ပညာတွေအများကြီးရပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမျှော်သင့်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးစိုးဝင်း၊ ဆွမ်းဦးပုံညရှင်ဘုရားဂေါပကအဖွဲ့ဝင်

          မာရဝိဇယဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီးကို စတင်တည်ဆောက်စဉ်မှစလို့ ရုပ်မြင်သံကြားမှာ အကြိမ်ကြိမ် ဖူးမြှောကြည်ညိုရပါတယ်ခင်ဗျ။ သို့သော်လည်း ကိုယ်တိုင်ကိုယ် ကျလာရောက်ဖူးတွေ့ ရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာဗိသုကာ ပညာရှင်များရဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများကို ဖော်ထုတ်ထားတာ တွေ့ရှိရတဲ့အတွက် မြန်မာပြည်သူ ပြည်သားတစ်ယောက် အနေနဲ့များစွာ ဂုဏ်ယူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ပြီး အခုလိုပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ အဲလိုပို့ဆောင်ပေးတဲ့အတွက်ကြောင့်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ကျေးဇူးတင်သလို ကျွန်တော်တို့အဖွဲ့များကို ခရီးဦးကြိုပြုပြီး နွေးထွေးစွာ ကြိုဆိုပေးတဲ့ မာရဝိဇယဂေါပကအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း လာရောက်ဖူးမြှော် ပါရစေလို့လည်း ဆုတောင်းပါတယ်။ အခုလိုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင် ကိုယ်ကျလာရောက်ဖူးမြှော်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကအပူတွေကိုလည်း ကင်းငြိမ်းသွားတယ်လို့ ခံစားရပါတယ်ခင်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။