ဝမ်းရေထက်ပင် ခက်ပါသည်

ဝမ်းရေထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ကိုထွန်းငြိမ်းကို သေနတ်နှင့်ပစ်သတ်ရန် ချိန်ရွယ်လိုက်သော ဦးဘကျော်ကို သူ့မိန်းမက ရုတ်တရက်ဝင်ဆွဲ တားထားလိုက်သလို မခင်မှီသည်လည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် ကိုထွန်းငြိမ်းရှေ့က ကာဆီးကာ ငိုယို တောင်းပန်လိုက်ရသည်။

သို့သော် သူ့အား မည်သို့မျှ တောင်းပန်၍ရမည်မဟုတ်သဖြင့် ကိုထွန်းငြိမ်းသည် ကြောက်လန့်တကြား အော်ဟစ်ပြောကြားပြီး ဦးဘကျော် လက်ထဲကသေနတ်ကို ဝင်လုသည်။

ဦးဘကျော်မှာ   ဇနီးနှင့်  သမီးတို့  ဆွဲတားထားကြသည့်ကြားက ကိုထွန်းငြိမ်းက သူ့သေနတ်ကိုလာလုသောအခါ ပိုပြီးဒေါသထွက်လာ၏။ ထို့ကြောင့် ပါးစပ်ကလည်း အယုတ္တ အနတ္တဆဲဆိုကာ ကိုထွန်းငြိမ်းကို အသေပစ်သတ်ရန်သာ အတင်းကြိုးစားလျက်ရှိလေသည်။

ခွေး ခွေးမသား ခုတော့ မင်းက ငါ့သေနတ်ကို လု လုတယ်။ ဟင်း။ ငါ့ကို မင်းသတ်

ဦး ဦးလေးကို ကျွန်တော် မ မသတ်ပါဘူး။ ဦးလေးသာ ကျွန်ကျွန်တော့်ကို

အစ်ကို ကို၊ ဦးလေး၊ အမေရယ် လုပ်ကြပါဦး။ ဦးလေးတို့ အစ်ကို၊ အို၊ လွှတ်ကြပါ

ကို ကိုဘကျော်၊ ရှင် ရှင် တရားလက်လွတ်မလုပ်ပါနဲ့

ဟင် ခွေးမတွေ၊ နင် နင်တို့ ထွန်းငြိမ်း၊ မင်း ငါ့သေနတ် လွှတ်မလား၊ မလွှတ်ဘူးလား

ဦးလေးကိုလွှတ်ရင် ဦးလေး ကျွန်တော့်ကို

အင်း မင်း မလွှတ်ရင်

ဒိုင်း

ဟင်

အစ်ကို

ဘုရားရေ... ကို ကိုဘကျော်၊ မောင်ထွန်းငြိမ်း မင်းဘယ်လိုလုပ် လိုက်တာလဲ လူလေးရယ်

ခွေး ခွေးသား၊ ထွန်းငြိမ်း၊ ငါ့ ငါ့ကို

ကျွန်...ကျွန်တော်၊ ကျွန်တော် ဘာ ဘာမှမလုပ်ဘူး။ ဦး ဦးလေး ကို ကျွန်တော် ပစ်တာမဟုတ်ဘူး။ သူ့ သူ့ဘာသာသူ

အမယ်လေး လုပ်ကြပါဦး

ဦးဘကျော်နှင့် ကိုထွန်းငြိမ်းတို့သည် လုံးထွေးသတ်ပုတ်ကာ သေနတ်ကိုလုကြရင်း ကျည်တစ်တောင့်သည် ဦးဘကျော်၏ရင်ညွန့်ကို ဝင်ရောက် သွားလေပြီ။

ဟင်း အင့်၊ ငါ့ ငါ့သေနတ်ပေး။ မောင်စော၊ မောင်စော၊ မင်း မင်းတို့  ဘာဘာ

ဦးဘကျော်သည် ကျည်ဖောက်ဝင်သွားသော သူ့ရင်ညွန့်ကို လက်တစ် ဖက်ဖြင့်အုပ်ကာ သွေးရူးသွေးတန်းနှင့် ကယောင်ကတမ်းတွေ အော်ဟစ် ပြီး တွန့်လိမ်နေသည်။

ဦးဘကျော်ရင်ညွန့်မှ  ပန်းထွက်လာသောသွေးတွေမှာ ကြမ်းခင်း တစ်ပြင်လုံး ခြင်းခြင်းနီနေလေပြီ။

ဦးဘကျော်သည်  ရင်ညွန့်ကိုလက်ဖြင့်ဖိကာ  သွေးရူးသွေးတန်းနှင့် ကုန်းထ၏။  ပြီး ခြံအပြင်ဘက်တွင် စောစောပိုင်းက အစောင့်ထားခဲ့သော သူ့တပည့်များကိုလည်း အသံနက်ကြီးနှင့် ကြောက်မက်ဖွယ်ရာ အော်ဟစ်အကူအညီတောင်းနေသည်။

ဟင် ဥက္က

ဥက္ကဋ္ဌကြီး ဘာဖြစ်သွားလဲ

ဒိုင်း

ဒိုင်း

ခြံဝတွင် အစောင့်ကျနေသော မောင်စောသည် ဦးဆုံး အိမ်ပေါ်သို့ ပြေးတက်လာ၏။

သွေးရူးသွေးတန်းနှင့်    အော်ဟစ်နေသော    သူတို့၏ဥက္ကဋ္ဌကြီး ဦးဘကျော်နှင့်  စတင်းဂန်းတစ်လက်ကိုကိုင်ကာ  ဦးဘကျော်ရှေ့တွင် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေသော ကိုထွန်းငြိမ်းကို မြင်ရသောအခါ မောင်စောမှာလည်း ကယောင်ကတမ်းနှင့် မည်သူ့ကိုပစ်သည်ဟု တိတိကျကျ မဟုတ်တော့ဘဲ  သူ့လက်ထဲပါလာသော  ရိုင်ဖယ်သေနတ်ဖြင့် ရှေ့ကိုယမ်း၍ နှစ်ချက်ပစ်ထည့်လိုက်၏။

အိမ်ပေါ်သို့ပြေးတက်လာသော   ဦးဘကျော်တပည့်တစ်ယောက် ပစ်ထည့်လိုက်သော သေနတ်သံနှစ်ချက်ကို ကြားရမှ   ကိုထွန်းငြိမ်းက  လှုပ်ရှားသွားသည်။ သူ့ကိုပစ်လေပြီကောဟူသော သတိကိုလည်း ယခုမှ ရမိ၏။  ထိုအခါ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိဘဲ ကျောက်ရုပ်ပမာ ငိုင်နေမိသော  ကိုထွန်းငြိမ်းမှာ  အတိုင်းမသိတုန်လှုပ်ချောက်ချားသွား ကာ ချက်ချင်း အိမ်နောက်ဖေးက ဆင်းပြေးရလေသည်။

အ အစ်ကို

မောင်ထွန်းငြိမ်း

ဒိုင်း

ဒိုင်း

ဟေ့ မောင်စော၊ ဘာလဲကွ၊ ဘာလဲဟင်

ဟေးကောင်တွေ၊ တို့ဥက္ကဋ္ဌကြီးကို ရန်သူပစ်ပြေးသွားပြီ။ ပစ် ပစ်၊ လိုက် လိုက်

ဒိုင်း

ဒိုင်း

ပြေးပြီကွ ပြေးပြီ၊ လိုက်ကွ လိုက်

ဟေး၊ ဟို ဟိုမှာကွ၊ ပစ်ပစ်

ဒိုင်း

ဒိုင်း

ဟေး မင်း မသေချင်ရင် လက်နက်ချလိုက်ကွ

ဒီလိုနှင့်ပင်  တစ်ကိုယ်လုံးမွှန်ထူနေသော  ကိုထွန်းငြိမ်းသည် အိမ်နောက်ဘက်ဥယျာဉ်ထဲမှ လယ်ကွင်းပြင်သို့ ရောက်လာသည်။

ဆက်လက်ဖော်ပြပါမည်။