ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက် လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့် အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ်ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်စ၍ ရှောင်တခင်စစ်ဆေးရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဉပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ်ဝန်းကျင်မှ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျေနပ်မှု မရှိသူများက  အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများသို့ သတင်းပေးကာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး ဝါဒဖြန့်သတင်းအမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း အွန်လိုင်း လိမ်လည်မှုများနှင့် အခြားတရားမဝင် လုပ်ငန်းလုပ်ဆောင်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဉပဒေ စိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူများ သိရှိနိုင်ရေး သတင်းထုတ်ပြန်အပ်ပါသည်။