နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ ပါမောက္ခချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌနှင့် ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများ၊  အိုင်စီတီနှင့်ဒစ်ဂျစ် တယ်လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ကွန်ပျူတာ နည်းပညာပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက ပြခန်းအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို Plenary Hall  ၌ ဆက်လက် ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနု ပညာရှင်များက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့်ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကို Digital နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများသည် ၁၉၉၆ ခုနှစ်ကထုတ်ပြန်ခဲ့သည့် ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေနှင့် အညီ ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါနှစ်ပေါင်း ၂၅ နှစ် တိုင်ခဲ့ပြီဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ကို ပညာရှင်အသင်း၊ လုပ်ငန်းရှင်အသင်း၊ ဝါသနာရှင်အသင်း တို့ကိုအခြေပြုပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အဆင့်ဆင့် ဖွဲ့စည်းထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းခဲ့သည့် ၁၉၉၈ ခုနှစ်မှ ယနေ့အထိ ၂၅ နှစ်တာကာလအတွင်း နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံပူးပေါင်း ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကိုလည်း “ဒစ်ဂျစ်တယ် မြန်မာသို့ (Towards Digital Myanmar)”ဟူသည့်ဆောင်ပုဒ်နှင့်ကျင်းပခြင်းဖြစ်သဖြင့် နိုင်ငံ တော်၏ လက်ရှိဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် များနှင့် လိုက်လျောညီထွေရှိပြီး လုပ်ငန်းစဉ်များကို များစွာအထောက်အကူပြုနိုင်မည် ဟု ယုံကြည်ပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် လွှမ်းခြုံလည်ပတ်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍ အသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး အခွင့်အလမ်းများရယူလျက်ရှိ နေကြပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မျက်နှာစာအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်အောင် အသုံးချနိုင်သည့် နိုင်ငံများတိုးတက် အောင်မြင်နေကြသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနေနိုင်ပြီဆိုသည်ကို သတိပြုမိကြရန်နှင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နောက်ကျမကျန်ရစ်စေရန်၊ ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေးဘဝများကို ထူထောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် “e-Government ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီကချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် “ e-ID စနစ်လုပ်ငန်း ကော်မတီ” ၊ “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ” တို့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အတွက် အခြေခံကျပြီး အရေးကြီးဆုံးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး Unique ID ( UID ) တစ်ခုစီနှင့် မှတ်ပုံတင်ထားရှိရေး e-ID စနစ်ကို ကူးပြောင်းနိုင်ရေးအတွက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင်လည်း Computer-Assisted Personal Interviewing(CAPI)စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့်လည်း တီထွင်ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖွံ့ဖြိုး တိုးတက်စေပြီး ပြည်သူတို့၏လူမှုစီးပွားဘဝကို တိုးတက်အောင် ဆောင်ရွက်ရန် ဆိုသည့် မျှော်မှန်းချက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee - DEDC)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါကြောင်း။

ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသများပါမကျန် နေရာ ဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်ထားရှိပြီးဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်လာနိုင် သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများနှင့်အတူ Facebook ၊ Youtube ၊ Telegram စသည့် ဆိုရှယ်မီဒီယာ အသုံးပြုမှုများလည်း များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံး ပြုကြသည့် နေရာတွင် စနစ်တကျအကျိုးရှိရှိအသုံးချနိုင်ရန်အရေးကြီးပါကြောင်း၊ မိမိ တို့၏ အသုံးပြုမှုသည် အခြားသူကိုထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံ တော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုး စီးပွားကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် ယနေ့ကာလတွင် တန်ဖိုးရှိသည့် သတင်း အချက်အလက်များ သိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာမရေရာမှု များနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက်များ စွန့်ပစ်ရာနေရာဖြစ်နေသည် ကိုလည်းသတိပြု ကြရမည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများကို အန္တရာယ် ကင်းစွာစနစ်တကျ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူတစ်ဦးချင်းတွင် လုံလောက်သည့် အသိပညာဗဟုသုတရှိရန်လိုအပ်သကဲ့သို့ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို လည်းလိုက်နာကြရန်နှင့် ဥပဒေပိုင်းအရလည်း လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေ ဖြင့် ပြည်သူများ၏ သတင်းနည်းပညာ လုံခြုံစိတ်ချရမှုကို မျက်ခြေမပြတ် စောင့်ကြည့် ပြီး ထိန်းသိမ်းနိုင်ရန်အတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူကို အသိပညာများပေးခြင်းနှင့် လိုအပ်သည့်ဥပဒေများ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များတွင်လည်း သက်ဆိုင်ရာဌာနအဖွဲ့ အစည်း များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုပါကြောင်း။

ယနေ့ကမ္ဘာတွင် ဒီဂျစ်တယ်နည်းပညာသည် တဟုန်ထိုးတိုးတက်နေခြင်းဖြစ် သဖြင့် မိမိတို့နိုင်ငံကျန်နေခဲ့ရန် မဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနား၏ ဆောင်ပုဒ် ဖြစ်သည့် “ဒစ်ဂျစ်တယ်မြန်မာသို့ (Towards Digital Myanmar) ဆောင်ပုဒ်နှင့်အညီ ဒစ်ဂျစ်တယ်မြန်မာ ဖြစ်ပေါ်လာစေရေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအားလုံးတွင် ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်စေရန် အရှိန်အဟုန်မြှင့်တင်ကြိုးစားကြရန် လိုအပ် သည်ဟု  တိုက်တွန်းမှာကြားလိုပါကြောင်း။

ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချနိုင်ရန်အတွက် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းရှိသကဲ့သို့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများကလည်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လျင်လျင်မြန်မြန် အကောင် အထည်ဖော်နိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာနိုင်မည် ဖြစ်ပါ ကြောင်း။

ယနေ့ကျင်းပသည့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်း များအနေဖြင့် ငွေရတုနှစ်ပတ်လည်ကာလမှ အနာဂတ်ကာလတစ်လျှောက်လုံးတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မိမိတို့ကျွမ်းကျင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က လက်ရှိ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်နှင့် ကျွန်ပျူတာအသင်းများ၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံကျွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ “၂၅ နှစ် ခရီးမှတ်တမ်း” ဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ပြည်ပ ICT ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိ သည်။