မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

 

မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီလ ၂၇ ရက်

          တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့်  ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်ကြင်းကုန်း ကျေးရွာအုပ်စု၊ ကျောက်ကာကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၃ ပါး၊ ဒေသခံပြည်သူ ၁၇၄ ဦးတို့ကို အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံနယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ သံဃာတော် ၈၉ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၂၃၁ ပါးတို့အား  ဥပုသ်တော်ရပ်ကွက်ရှိ ဓမ္မမဉ္ဇရီသီလရှင် စာသင်တိုက်၌လည်းကောင်း အသီးသီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။