ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် တိပိဋကဓရ တိပိဋကကော

 

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်

၀မ်းမြောက်စွာလျှောက်ထားအပ်ပါသည်ဘုရား-

      ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ်နှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပနေကြောင်း သိရှိရပါသည်ဘုရား။

    တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ရက်အရှည်ဆုံး ကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ၊ တိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်ရ ဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါသည်ဘုရား။

    ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်း စောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၆)ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္မာနောက်ပိုင်းဖြစ်သော ယမကနှင့်ပဋ္ဌာန ဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခက်ရာခက်ဆစ် သဘောအဓိပ္ပာယ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ်ထီးဖြူတော် (၃)လက် အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ခံစားရပါသည်ဘုရား။

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းစံပြ ကျေးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊  ၁၃၄၆-ခုနှစ်တွင်  မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂဝံသ(အဂ္ဂမဟာပဏ္ဍိတ)ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် သာမဏေကျော်၊  သာသနဓဇဓမ္မာစရိယ၊ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၃-ခုနှစ် ကျင်းပသော (၆၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ် စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါသည်ဘုရား။

    တပည့်တော်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက် ယခုနှစ်ကျင်းပသော (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများ ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှ ဆက်ကပ်သော တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိသာသနာအတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်း စသောသာသနာပြု လုပ်ငန်းများ  ကျန်းမာချမ်းသာစွာဖြင့်  ဆောင်ရွက်တော်မူနိုင်ပါမည့် အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၆)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်း လျှောက်ထားအပ်ပါသည်ဘုရား။

 

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ