ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ကိုထွန်းငြိမ်း၏ ကျောကုန်းကဒဏ်ရာမှာ ပို၍နာကျင်လာသည်။ သွေးပူတွေကလည်း တစ်ကျောလုံး ပြည့်လျှံလာကြပြီဟု ထင်လိုက်မိသည်။
ဒီလိုနှင့်ပင် ထိန်း၍မပစ်တတ်သော ကိုထွန်းငြိမ်းသေနတ်က ဦးဆုံး ကျည်ကုန် သွားလေသည်။
ဤတစ်ခါတော့ ကိုထွန်းငြိမ်းမှာ အကြီးအကျယ် တုန်လှုပ်သွားရလေပြီ။ ငါပြေးမှ ငါပြေးမှဟူသော စိတ်ကလည်း ချက်ချင်း နှိုးဆွလာသည်။ ထိုအခါ ကြောက်ကြောက် ရွံ့ရွံ့နှင့် ခြေဦးတည့်ရာထွက်ပြေးလေသည်။
“ဒိုင်း”
“ဒိုင်း”
“ဒိုင်း”
ချက်ချင်းပင် သေနတ်သံများက ပေါ်လာပြန်သည်။ သို့သော် သူ့လက်ထဲရှိ သေနတ် တွင်လည်း ကျည်ဆန်မရှိတော့ပြီဖြစ်သော ကိုထွန်းငြိမ်းမှာ အပြေးကမရပ်။ ဆက်၍ သာပြေး၏။
ကိုထွန်းငြိမ်းက ဆက်ပြေးသလို နောက်ကလိုက်ပစ်လာကြသော သေနတ်သံတွေ ကလည်း ရပ်မသွားပေ။ သေနတ်သံအပြင် သူ့အား လက်နက်ချရန် အော်ဟစ်ပြော လိုက်ကြသံကိုပင် ကြားယောင်မိလာသည်။ သို့သော် အကြီးအကျယ်ကြောက်ရွံ့သွေး လန့်နေပြီဖြစ်သော ကိုထွန်းငြိမ်း၏ခြေလှမ်းများကား လုံးဝမရပ်တော့ပေ။ ရှေ့သို့သာ စွတ်ပြေးနေရတော့၏။
အမှန်က တိုက်ပွဲမကြုံဖူးသော၊ အထူးသဖြင့် ညတိုက်ပွဲနှင့်ပတ်သက်၍ အတွေ့ အကြုံမရှိဖူးသော ကိုထွန်းငြိမ်းအတွက် ဤသို့လယ်ကွင်းထဲ လျှောက်ပြေးနေခြင်း
မှာ နောက်ကလိုက်လာသော ရန်သူအတွက် အကွက်ပင်ဖြစ်လေသည်။
ဒီလို မှောင်မည်းနေသော ည၊တစ်နေ့ လုံးမိုးရွာထားသဖြင့် ရေပြည့်နေသော လယ်ကွင်းထဲတွင် ကိုထွန်းငြိမ်းက လျှောက်ပြေးသွားသောအခါ ခြေထောက်ချလိုက်၊ မြှောက်လိုက်တိုင်း ရေပန်းရေမွှားတွေစဉ် ပွင့်ကာ ပြေးလမ်းတစ်လျှောက်ကို မြင်နေ ရသည်။ ထိုအခါ နောက်က ရန်သူသည် ကိုထွန်းငြိမ်းကို ပိုင်ပိုင်နိုင်နိုင် ချိန်ပစ်လျက် ရှိလေပြီ။
သူတို့အနေကမူ ညတိုက်ပွဲများစွာ ကြုံဖူးထားကြသူများပီပီ ရေရှိသောလယ် ကွင်းထဲကမလိုက်ဘဲ ကန်သင်းရိုးအတိုင်း သာ လိုက်လာကြခြင်းဖြစ်လေသည်။
ဤအတွေ့အကြုံကိုမသိသော ကိုထွန်းငြိမ်းမှာ လယ်ကွက်အတိုင်းသာ လျှောက် ပြေးနေလေသည်။
“ဒိုင်း”
“ဒိုင်း”
ဤတစ်ခါတော့ ကိုထွန်းငြိမ်း၏ ခြေသလုံး တစ်ဖက်မှာ ပူခနဲခံစားလိုက်ရပြီး လူကလည်း ဟပ်ထိုးလဲကျသွား၏။
ကိုထွန်းငြိမ်း၏ကိုယ်နှင့် လယ်ကွက်ထဲက ရေပြင်တို့ထိမိသောအခါ ရေပွင့်ကြီးမှာ အမှောင်ထဲ၌ ကြီးထွားသွား၏။
ထိုအခါ နောက်ကလိုက်လာသူတွေ ထိုနေရာကို လှမ်းပစ်ကြပြန်သည်။ ကိုထွန်း ငြိမ်း၏ တစ်ကိုယ်လုံးမှာလည်း ယခုတော့ မွှန်ထူလာ၏။ သို့သော် ကိုထွန်းငြိမ်းသည် ထိုနေရာ၌ လှဲမနေရဲ၊ ထ၍သာ သွေးရူး သွေးတန်းနှင့်ပြေးရပြန်၏။
“ဟေ့ကောင်၊ မင်း မသေချင်ရင် ရပ်လိုက်ပါကွ”
ကိုထွန်းငြိမ်းတွင် ကျည်ဆန်ကုန်သွား ပြီမှန်း အတပ်သိသော ရဲဘော်ဖြူ နှစ်ယောက်ကတော့ ဤတစ်ခါတွင် ကိုထွန်းငြိမ်းနောက်ကို တစ်ဟုန်ထိုးလိုက်လာကြ လေသည်။ ပါးစပ်ကလည်း လက်နက်ချရန်နှင့် ရပ်ရန် အော်ဟစ်လာကြသည်။ လက်ထဲ က သေနတ်နှင့်လည်း တရစပ်လှမ်းပစ် ပြေးလိုက်လာကြသည်။ သို့သော် ကိုထွန်းငြိမ်းကား လုံးဝမရပ်တော့။ သွေးရူးသွေးတန်းနှင့် ဆက်၍သာ ပြေးလေသည်။
“ဟိုက်”
“ဝုန်း”
ကိုထွန်းငြိမ်း၏ ခြေထောက်နှစ်ဖက်စလုံးက မြေကြီးနှင့် ကင်းသွားသလိုခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံးမှာလည်း ရေထဲသို့ ပစ်ကျသွားလေသည်။
တစ်နေ့လုံး ရွာထားသောမိုးကြောင့် ရေစီးအလွန်သန်နေသော မန်းချောင်း၏ ရေအလျဉ်သည် ကိုထွန်းငြိမ်း၏ တစ်ကိုယ်လုံးကိုနစ်မြှုပ်ဆွဲစုပ်ကာ ဝေးလွန်းသော တစ်နေရာသို့ ခေါ်ဆောင်သွားပါလေပြီတည်း။
ဒဟပ်ကုန်း၏ ဤနေ့ညသည် မင်္ဂလာမဲ့လွန်းလှသည်။ စောစောပိုင်းက သို့မဟုတ် ညနေ မှောင်ရီဖျိုးဖျ ဒဟပ်ကုန်းရွာကလေးသည် ရိုးမကိုဦးခိုက်ကာ အေးချမ်းတည်ငြိမ် စွာ တိတ်ဆိတ်နေခဲ့သေးသည်။
ယခုတော့ ဒဟပ်ကုန်း၏ တိတ်ဆိတ် ငြိမ်သက်မှုအားလုံးသည် နာရီပိုင်းအတွင်း ပျက်ပြုန်းဆိတ်သုဉ်း သွားခဲ့လေပြီ။
ခါတိုင်းညလို လူပျိုကာလသားတို့၏ ပလွေသံအစား ဤညမှာ ခွေးဟောင်သံ၊ ဆဲသံ၊ ဆိုသံ၊ ပြေးသံ၊ လိုက်သံ၊ သေနတ်သံ၊ ငိုရှိုက်ညည်းတွားသံတို့နှင့် ပွက်လောရိုက် လျက်ရှိလေပြီ။
သို့သော် ရွာရှိလူများမှာ သေနတ်သံ တွေကြောင့် မည်သူမျှ အိမ်ရှေ့ အိမ်ပြင် မထွက်ရဲကြ။ မိမိအိမ်၌သာ ပုန်းကုပ်လျက် မလှုပ်မယှက်ကြီး ငြိမ်နေကြသည်။
ရွာသူရွာသားတို့သည် စစ်၏ခါးသီးသော အတွေ့အကြုံတို့ကို အလေ့အကျင့် ရနေကြလေပြီ။
မခင်မှီတို့ သားအမိနှစ်ယောက်မှာ သွေးအိုင်ထဲ၌ တုံးလုံးပက်လက်လဲသေ နေသော ဦးဘကျော်၏ အလောင်းကို မမြင်ရက်၊ မကြည့်ရက်သဖြင့် အိမ်ခန်းထဲ ပြေးဝင်ကာ တရှုပ်ရှုပ်ကျိတ်ငိုလျက်ရှိကြ၏။
ကိုထွန်းငြိမ်းနောက် ပစ်ပြေး၊ လိုက်သွား ကြသော ရဲဘော်ဖြူ သုံးယောက်အနက် နှစ်ယောက်သည် နာရီပိုင်းအတွင်း မခင်မှီ တို့အိမ်ပေါ်သို့ ပြန်ရောက်လာကြသည်။
ဆက်လက်ဖော်ပြပါမည်။