တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းတော်မူခြင်း

 

တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းတော်မူခြင်း

 

နေပြည်တော်  ဇန်နဝါရီ  ၂၇

    (၇၆) ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၆-၁၂-၂၀၂၃ ရက်မှ ၂၇-၁-၂၀၂၄ ရက်အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် အရှင်ပညာသိရီလင်္ကာရ သက်တော် ၅၉ နှစ် သိက္ခာတော် ၃၉ ဝါ တိပိဋကနိကာယကျောင်းတိုက် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ ၁၆ ပါးမြောက် သာသနာ့အာဇာနည် ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့ပါသည်။

တိပိဋကဓရ  တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ်(၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆)ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပထမအကြိမ်မှ (၇၅)ကြိမ်အထိ တိပိဋကဓရ  တိပိဋကကောဝိဒဆရာတော်  ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ၁၅ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ပေါ်ထွန်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) (၇၆)ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် ၁၆ ပါးမြောက်အဖြစ် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်း လာခဲ့ခြင်းဖြစ်ပါသည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်း ပထမပိုင်းနှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်း ဒုတိယပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋကဒီဃနိကာယ် သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်းငါးကျမ်းနှင့် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်းတို့ကို  “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေ စာမေးပွဲဖြေဆိုရကြောင်း သတင်းရရှိသည်။

 

တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁၂)  စကားဝါလမ်း  တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

    အရှင်ပညာသိရီလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ခွက်ခွင်းစံပြကျေးရွာ ခမည်းတော် ဦးအောင်ငြိမ်း၊ မယ်တော်ဒေါ်မြသောင်းတို့မှ ၁၃၂၇ ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက် ကြာသပတေးနေ့တွင် ဖွားမြင်သော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

    ၁၃၄၆  ခုနှစ် နတ်တော်လပြည့်နေ့တွင်   မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနာဂဝံသ (အဂ္ဂမဟာပဏ္ဍိတ)ကို ဥပဇ္ဈာယ်ပြုလျက် မန္တလေးမြို့ ကြည်တင်ဆေးလိပ်ခုံပိုင်ရှင်   ဦးလှမြင့်-ဒေါ်လှလှ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စာပေပရိယတ္တိသင်ကြားဆည်းပူးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ခွက်ခွင်းစံပြကျေးရွာ အောင်မြင်ဘုမ္မိကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဝရ၊ မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်နှင့် စာချဘုန်းကြီးများ၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ သဒ္ဓမ္မဗောဓိကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊  မန္တလေးမြို့တို့ရှိ  ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်များ၊ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဝဋံသကာသိရောမဏိ)၊ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၏ မဟာနာယက တိပိဋကဓရ ဆရာတော်များထံ၌ ပရိယတ္တိစာပေများ သင်ကြား ဆည်းပူးခဲ့ပါသည်။

အောင်မြင်ခဲ့သောစာမေးပွဲများ

    အစိုးရပထမငယ်၊  ပထမလတ်၊ ပထမကြီးတန်း၊ သာသနဓဇ ဓမ္မာစရိယ(၁၃၄၅)ခုနှစ်၊ ပရိယတ္တိသာသနဟိတသာမဏေကျော်၊ ဝိနယဓရ(၁၃၅၂)ခုနှစ်၊ ဝိနယကောဝိဒ (၁၃၅၆)ခုနှစ်၊ ဝိနယဝိဒူ၊ ဒီဃဘာဏက(၁၃၅၈)ခုနှစ်၊ ဒီဃနိကာယကောဝိဒ(၁၃၅၉)ခုနှစ်၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒ(၁၃၆၈)ခုနှစ်၊ (နိကာယုဇ္ဇောတက၊ ဝိနယဓရ၊ ဒီဃဘာဏက၊ နိကာယဝုဎဍိ သမိတိဝိနယဓရ) တိပိဋကဓရ(၁၃၇၃)ခုနှစ်တို့ ဖြစ်ကြပါသည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း

    အရှင်ပညာသိရီလင်္ကာရသည်  ၁၃၈၅ ခုနှစ် (၇၆)ကြိမ်မြောက် တိပိဋကဓရ  တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင်   အဘိဓမ္မာနောက်ပိုင်း နှစ်ကျမ်းကို သဘောရေးဖြေ အောင်မြင်တော်မူသောကြောင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊    ၎င်းအောင်လက်မှတ်တော်နှင့် အရိုးဝါကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော    သာသနာ့အောင်လံတော်တို့ကို ခံယူရရှိတော်မူမည်ဖြစ်ပါသည်။