နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာရေး စုံညီပွဲတော်ကျင်းပ

 

နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာရေး စုံညီပွဲတော်ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၇

    နေပြည်တော်  ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးခင်မောင်လွင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  Grade-8 ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းအားသီဆို၍    အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်ပညာ ရေးမှူး ဦးခင်မောင်လွင်နှင့် မိဘဆရာအသင်း  ဒုတိယဥက္ကဋ္ဌ  ဦးချစ်စိုးတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဗဟိုအဆင့်/တိုင်းအဆင့်/ခရိုင်အဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ခွင့်ရက်မပျက်ဆု၊   သင်ကြားရေးထူးချွန်ဆုနှင့် မြို့နယ်သင်တန်းတွင် ဆုရရှိသည့် ဆရာ၊ ဆရာမများအား လည်းကောင်း၊ ကျောင်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအဆင့်  (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊  မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာ၊ ကာတွန်း၊ နံရံကပ်ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေး သီတင်းပတ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကာကွယ်ရေး အထိမ်းအမှတ် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများနှင့် ၂၀၂၃ ICT  ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသားအောင်ပွဲနေ့ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်   ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးတွင် ဆုရရှိသည့် ကျောင်းသား၊  ကျောင်းသူများ၊ National for Child Culture (မူလတန်းအဆင့်) ပန်းချီပြိုင်ပွဲနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စကားဝိုင်း၊ ကျပန်းစကားပြော(မြန်မာ၊ အင်္ဂလိပ်)နှစ်ဘာသာဖြင့် ဆုရရှိသူများအား ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး စခန်းမှူး ဗိုလ်ချုပ်သိန်းဇော်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများ သီဆိုကပြဖျော်ဖြေမှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။