ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

အိမ်ပေါ်သို့တက်လာကြသော ခြေသံများကြောင့် မခင်မှီတို့သားအမိ နှစ်ယောက်မှာ ငိုရှိုက်သံကို အောင့်အည်းကာ အပြင်သို့ နားစွင့်ကြရ ပြန်သည်။

တောက်...ဖြစ်မှဖြစ်ရလေကွာ၊ ဘယ်က ဘယ်လိုဖြစ်ကြတယ် မသိဘူး

ရဲဘော်ဖြူတစ်ယောက် သွေးအိုင်ထဲ လဲသေနေသော ဦးဘကျော်၏ အလောင်းရှေ့မတ်တတ်ရပ်ကာ စိတ်မသက်မသာနှင့် တောက်ခေါက်ပြောလိုက်၏။

ငါလည်းဘယ်သိမလဲကွ။ မောင် မောင်စောက ပစ်ပြေးတယ်။ လိုက် လိုက်ဆိုလို့သာ လိုက်ပစ်ရတာ

ဒုတိယရဲဘော်ကလည်း မီးဖိုခန်းထဲက မီးအိမ်မီးစာကို ပို၍လင်းလာအောင် မြှင့်တင်လိုက်ကာ အထစ်ထစ်အငေါ့ငေါ့နှင့်ဆိုသည်။

မိုးတစိမ့်စိမ့်စွေနေသော်လည်း  သူတို့နှစ်ယောက်၏  ကိုယ်ပေါ်တွင် ချွေးတို့ဖြင့် စိုရွဲှနေသည်။

ဤရဲဘော်နှစ်ယောက်သည် စောစောပိုင်းက မနီးမဝေး၌ ဦးဘကျော် အစောင့်ချထားခဲ့သူနှစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် သည် အခြေအနေအားလုံးကို ယခုထိ အသေးစိတ်မသိကြသေး။ အခြေ အနေအားလုံးကို အသေးစိတ်သိသူဥက္ကဋ္ဌ ဦးဘကျော်နှင့် ရဲဘော်မောင်စောတို့မှာ ယခုအခါ တမလွန်၌ပင် အိပ်ပျော်နေကြပြီးဖြစ်ချေမည်။

ဦးဘကျော်က မိမိအိမ်ပေါ်တွင် သေဆုံးနေရသလို အရေးအခင်းထဲ ဦးဆုံးရောက်ရှိလာသူ ရဲဘော်မောင်စောမှာလည်း ချမ်းချမ်းအေးအေးနှင့် ယခုအခါ ရေပြည့်နေသော လယ်ကွင်းထဲတွင် ကျဆုံးကျန်ခဲ့လေပြီတည်း။

လိုက်ပါ၊ ပစ်ပါ ဆိုလို့သာ လိုက်ပစ်ရသူနှစ်ယောက်မှာ ယခုတော့ ဘယ်က ဘယ်လိုစဖြစ်ကြသည်ကိုပင် မခန့်မှန်းတတ်အောင် ဖြစ်နေကြသည်။

ဒေါ်ဒေါ်၊ ဒေါ်ဒေါ်။ သြော် မ...မခင်မှီ

သေဆုံးနေသော လူသေအလောင်းရှေ့တွင် တိတ်ဆိတ်ခြင်းကို မလို လားသော ရဲဘော်ဖြူတစ်ယောက်က ထိတ်ထိတ်ပျာပျာနှင့် မခင်မှီတို့ သားအမိနှစ်ယောက်ကို အော်ခေါ်လိုက်သည်။

ရှင်၊ ရှင်

မခင်မှီတို့သားအမိသည် ကလေးလေး ခင်ခင်ငြိမ်းကိုချီကာ ရဲဘော် ဖြူနှစ်ယောက်ရှေ့သို့ တုန်တုန်ယင်ယင်နှင့်ထွက်လာကြရသည်။

ဘယ်၊ ဘယ်က ဘယ်လိုဖြစ်ကြတာလဲ ဒေါ်ဒေါ်

ဥက္ကဋ္ဌကြီး၏ဇနီး၊ သမီးတို့အနေကို ယခုထိ လေးလေးစားစားရှိနေ သေးသော ရဲဘော်ဖြူတစ်ယောက်က မခင်မှီ၏အမေကို ခပ်ယို့ယို့မေး ၏။

အဒေါ်တို့လည်း ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး ကလေးတို့ရယ်

မခင်မှီအမေက ဦးဘကျော်၏ အလောင်းရှိရာဘက်သို့ တစ်ချက် လှည့်ကြည့်ကာ လှိုက်လှိုက်လှဲလှဲရှိုက်လိုက်၏။ ပြီးမှ စကားဆက်နိုင်သည်။

ရဲဘော်ဖြူနှစ်ယောက်ကတော့  မခင်မှီတို့သားအမိကို   တစ်လှည့်၊ ဦးဘကျော်၏ အလောင်းကို တစ်လှည့်ကြည့်ကာ မခင်မှီအမေဆီက ထွက်လာမည့်စကားကို တိတ်တိတ်ဆိတ်ဆိတ်စောင့်စားနေကြသည်။

ကို ကိုဘကျော်နဲ့ မောင်ထွန်းငြိမ်းတို့ဟာ ဒီနေ့မှ

ဟင် ခု ကျွန်တော်တို့ဥက္ကဋ္ဌကြီးကို ပစ်သတ်သွားတာ ကိုထွန်းငြိမ်း လား ဒေါ်ဒေါ်

ဒီလိုပါကွယ်။ ကိုဘကျော်ကို သတ်တာ မောင်ထွန်းငြိမ်း မ... မဟုတ်ပါဘူး

ဟင်...ဒီလိုဆို ဥက္ကဋ္ဌကြီးကို ပစ်သတ်တာဘယ်သူလဲ ဒေါ်ဒေါ်

ရဲဘော်ဖြူတစ်ယောက်သည် မခင်မှီ၏ မျက်နှာကို ဖျတ်ခနဲလှမ်းကြည့် ကာ သိလိုသောအံ့သြသံနှင့် ဝင်မေး၏။

စူးရှလွန်းလှသော သူ့အကြည့်ကြောင့် မခင်မှီမှာ မျက်လုံးအိမ်ထဲက မျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်ပြီး မျက်လွှာချလိုက်ရသည်။

ဒီလိုပါ ကလေးတို့ရယ်၊ ကိုဘကျော်နဲ့ မောင်ထွန်းငြိမ်းတို့ဟာ ဒီကနေ့ ညနေမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလာပြီးဆုံကြတာပါ။ အဲ အဲ ဆုံကြရင်း ထမင်းဝိုင်းမှာ စကားများကြတော့ ကိုဘကျော်က မောင်ထွန်းငြိမ်းကို သေနတ်နဲ့ ပစ်မယ်လုပ်တော့ မောင်ထွန်းငြိမ်းကလည်း ကြောက်ကြောက်နဲ့တောင်းပန်ရင်း သေနတ်ကိုဆွဲရာက မတော်တဆ ကိုဘကျော်ကျည်ထိ သွားရတာပါကွယ်။ အမှန်မှာ မောင်ထွန်းငြိမ်းက တမင်ပစ်တာမဟုတ် ပါဘူး}}

မခင်မှီအမေ၏စကားအဆုံးမှာ ရဲဘော်ဖြူနှစ်ယောက်သည် တစ်ယောက်

မျက်နှာတစ်ယောက်ပြိုင်တူကြည့်လိုက်ကြကာ သက်မကိုလည်း ပြိုင်တူ ချလိုက်ကြသည်။

ဥက္ကဋ္ဌကြီးနဲ့  ကိုထွန်းငြိမ်းတို့ ဒီကနေ့ညမှာ ချိန်းတွေ့ကြတဲ့ကိစ္စက ရော ဒေါ်ဒေါ်၊ ဘာကိစ္စပါလဲ

ရဲဘော်ဖြူတစ်ယောက်က ကောက်ကာငင်ကာ မေးလိုက်သည်။

အဲ အဲဒီကိစ္စတော့ အဒေါ်တို့လည်း၊ သြော် သူတို့တမင်ချိန်းတွေ့ ကြတာဟုတ်မှာ မဟုတ်ပါဘူးကွယ်။ တိုက်ဆိုင်တာဖြစ်ပါလိမ့်မယ်

တမင်တိုက်ဆိုင်တာမဟုတ်ပါဘူး ဒေါ်ဒေါ်၊  သူတို့ချိန်းတွေ့ကြတာပါ။မခင်မှီသိပါတယ်။   သူတို့ဆွေးနွေး ကြတဲ့ကိစ္စ၊ ကဲ  မခင်မှီသူတို့ ဆွေးနွေးရင်းဖြစ်ကြတဲ့ပြဿနာက ဘယ်ကစတာလဲဗျ။   ကျွန်တော်တို့ ကို တစ်ဆိတ်လောက်ပြောပြစမ်းပါဦး      

ဆက်လက်ဖော်ပြပါမည်။