မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေကို အဝါရောင် အဆင့်ဟု သတ်မှတ်

နေပြည်တော်  နိုဝင်ဘာ  ၃ဝ

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ် နေသော မုန်တိုင်းငယ် (Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာ နိုင်ငံ  ထရီ ကို မာလီ D(Trincomalee) မြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၃၇ဝ မိုင်ခန့်နှင့် အိန္ဒိယ နိုင်ငံ  ကန်ညာ ကူမာရီ (Kanyakumari) မြို့၏  အရှေ့ဘက် ရေမိုင် ၅၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။

မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါမုန်တိုင်းငယ် (Depression) သည်  ညနေ ၅ နာရီခွဲ အချိန်တွင် မြောက်လတ္တီတွဒ် ၇ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၇ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁ဝဝ၂ ဟက်တိုပါ စကယ်နှင့်  အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင် ၃ဝ နှုန်းဖြစ်သည်။       

အဆိုပါ မုန်တိုင်းငယ် (Depression) သည်  နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep  Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး    အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အဖြစ်သို့  ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။                    

(မိုး/ဇလ)