ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ မော်လမြိုင်မြို့သို့ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ မော်လမြိုင်မြို့သို့ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ   ၂၈

    ရန်ကုန်/မန္တလေး/နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့များသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကွင်းဆင်းဆေးကုသမှုများ  ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ  ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ဒုတိယအကြိမ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး  မော်လမြိုင်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း   နှလုံးဆေး ကုသမှုဆိုင်ရာ လူနာ ၉၂ ဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ ၇၈ ဦး၊  ဦးနှောက်နှင့် အာရုံကြောဆေး ကုသမှုဆိုင်ရာလူနာ ၁၀၂ ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ  ၁၂ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၂၈၆ ဦး၊ ရင်ခေါင်းဆေး ကုသမှုဆိုင်ရာလူနာ ၅၅ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ ဆိုင်ရာလူနာ ၂၆၀ ဦး၊ အသည်းရောဂါ ဆိုင်ရာလူနာ  ၅၃  ဦး၊ ကလေးနှလုံးရောဂါ လူနာ ၃၈ ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာ လူနာ ၄၁ ဦး၊ အရိုးအကြောအဆစ် ရောဂါလူနာ ၂၄၅ ဦး၊ အရေပြားရောဂါ ဆိုင်ရာလူနာ ၉၁ ဦး၊  ကလေးရောဂါလူနာ ၄၄ ဦး၊ မျက်စိရောဂါ ဆိုင်ရာလူနာ ၅၃ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၀ ဦး၊ သားဖွားမီးယပ်ဆိုင်ရာ လူနာ ၂၄ ဦး၊ သွားနှင့်ခံတွင်းလူနာ ၂၈ ဦး စုစုပေါင်း ဒေသခံပြည်သူ လူနာ ၁၅၁၂ ဦးကို  ကြည့်ရှုကုသပေးခဲ့သည်။

လာရောက်ပြသသော လူနာများတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် သာမက ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့မှ မြို့ပေါ်နှင့်ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့်  နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း(Echocardiography) ၁၁၆ ဦး၊  အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) ၁၃ ဦး၊   အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း(Colonoscope)  နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်(CT Scan) ရိုက်ကူးခြင်း ၁၈ ဦး၊  သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၉၅ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၅၁ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၂၇၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၉၃ ဦးနှင့်  နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၀၄ ဦးတို့ကို စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာ လူနာ နှစ်ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ သုံးဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ ဆိုင်ရာလူနာ သုံးဦး၊ ဆီးနှင့်ကျောက်ကပ် ရောဂါလူနာ လေးဦး၊ ကလေးနှလုံးရောဂါ လူနာ ၂၅ ဦးတို့ကို လိုအပ်သောစစ်ဆေး ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးကြပြီး လူနာများကိုအားပေးစကား ပြောကြားကာ အာဟာရဒါန ထမင်းဘူးများ ဝေငှပေးကြသည်။

ထို့ပြင် အဆိုပါအထူးကု ဆေးကုသရေး အဖွဲ့နှင့်အတူ ကုသရေးဦးစီးဌာနမှ ကြီးကြပ် ပံ့ပိုးပေးရန် လိုက်ပါလာသော အမျိုးသားသွေးဌာန ရန်ကုန်မှဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသီတာအောင်သည် ဇန်နဝါရီလ ၂၈ ရက် ညနေပိုင်းတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ "သွေးသွင်းကုသမှု ဘေးကင်းလုံခြုံရေး သိကောင်းစရာ”အကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super speciality) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်၊ ၂၀၂၄ ခုနှစ် အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့နှင့် ယခုမော်လမြိုင်မြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။