အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (တတိယနေ့) ဆက်လက်ဆောင်ရွက်

 

အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (တတိယနေ့) ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၉

          တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

          အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးဉာဏ်ထွန်းနှင့် ဇနီးဖြစ်သူ အသည်းအလှူရှင် ဒေါ်စန္ဒာအောင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

          အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၄ နာရီအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။ အသည်း အလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစု ကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသည်း အစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြ သည်။     

          ယခင်ရက်များတွင် ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော အသည်းအလှူရှင် ၂ ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက် ရှိကြောင်း သတင်းရရှိသည်။