ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ကျန်ရဲဘော်ဖြူတစ်ယောက်က မခင်မှီကို စူးစူရဲရဲ ကြည့်၍ အစ်လိုက်၏။

ကျွန်မ မသိတာ အမှန်ပါရှင်။ ဦးလေးနဲ့ အစ်ကို ငြိမ်းနဲ့ ချိန်းတွေ့ကြတာ မဟုတ်ပါဘူး။ တိုက်ဆိုင်လို့ ဖြစ်ကြရတာပါ

သြော် သြော်၊ ကျွန်တော်တို့ကတော့ တမင်များ ချိန်းတွေ့ကြတာလားလို့ပါဗျာနော်

မ မဟုတ်နိုင်ပါဘူးရှင်။ တမင်သက်သက် ချိန်းတွေ့ ကြတာမဖြစ်နိုင်ပါဘူး

ဤစကားကိုတော့ မခင်မှီက တစ်စုံတစ်ခုအတွက် ထိတ်ထိတ်ပျာပျာနှင့် ပြောလိုက်၏။

ရဲဘော်ဖြူနှစ်ယောက်စလုံး၏ မျက်လုံးများသည် မခင်မှီဆီ၌ တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက် ရှိနေကြ သည်။

ရုတ်ခြည်း ပြောင်းလဲသွားကြသော    သူတို့၏ အကြည့်မှာ  တစ်စုံတစ်ခုအတွက်  သံသယဝင်နေ ကြသလိုပင်။

အေးဗျာ၊ ဖြစ်ကြရတာကတော့ စိတ်မကောင်း စရာပါပဲ။  ဦးဘကျော်နဲ့  ကိုထွန်းငြိမ်းတို့အတွက် ကျွန်တော်တို့လည်း   စိတ်မကောင်းပါဘူး  ခင်ဗျာ။ ကိုထွန်းငြိမ်းအလောင်းကိုတော့

ဟင် အစ်ကိုထွန်းငြိမ်း သေပြီ

မခင်မှီ၏ အသံသည် ကြောက်မက်ဖွယ်ရာ ကျယ် လောင်သွားသည်။

စိတ်ခိုင်ခိုင်ထားပါ မခင်မှီ

ဟုတ်တယ် မခင်မှီ၊ ကိုထွန်းငြိမ်း သေနတ်မှန်ပြီး သေ

တစ်ယောက်က မခင်မှီကို စူးစူးစိုက်စိုက်ကြည့်၍ စိတ်ခိုင်ခိုင်ထားပါဟု ပြောလိုက်သလို တစ်ယောက်က ကိုထွန်းငြိမ်းကို  သေနတ်မှန်၍   သေပြီဖြစ်ကြောင်း ပြောလိုက်သည်။

အမေ အမေ၊ အစ်ကိုငြိမ်း သေပြီတဲ့ အမေရယ်။ အစ်ကိုငြိမ်းသေနတ်မှန်လို့  သေပြီတဲ့။  သမီးလေး သမီးဖေဖေသေပြီတဲ့ သမီးရေ။ အမေတို့၊ သမီးတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲဟင်။ သမီးလေးရယ် ဟီး ဟီး။ ခင်မှီတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ ဟင် အစ်ကိုရယ်။ သမီးလေးနဲ့ ညီမကို မြို့ခေါ်မယ် ဆို၊  သမီးလေး မိုးရွာထဲချမ်းနေမှာစိုးတယ်လို့ ခင်မှီက ပြောပေမယ့်  မြို့ကိုလိုက်ရမယ်ဆို၊  ခုတော့  ညီမတို့   သားအမိကိုပစ်ထားခဲ့ပြီလား  အစ်ကိုရယ်၊ ဟီး ဟီး

မခင်မှီက မချိတင်ကဲသံနှင့် ဟစ်ငိုလိုက်သောအခါ မခင်မှီ၏အမေမှာလည်း ရင်ထဲ ဆို့သွားလေသည်။

တစ်နေ့တည်း၊ တစ်နာရီတည်းတွင် လင်ယောက်ျား နှင့်အတူ သမက်ကလည်း ဆုံးပါးပြန်သောအခါ သူတို့ သားအမိမှာ  တစ်ပြိုင်တည်း  မုဆိုးမဖြစ်ကျန်ရစ်ခဲ့ ကြပါပြီ။

အကယ်၍ ဦးဘကျော် ဆုံးပါးသွားပြီဖြစ်သော် လည်း ကိုထွန်းငြိမ်းတစ်ယောက်သာ ကျန်နေခဲ့ပါမူ အားကိုးစရာ ဖြေနိုင်ပါသေး၏။ ယခုမူ လင်ရော၊ သမက်ပါ နာရီပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ဆုံးပါး သွားကြသောအခါ မခင်မှီတို့အမေမှာလည်း စိတ်ကို ဘယ်လိုမှ ဖြေမရဘဲ ချုံးပွဲချ၍သာ  ငိုချလိုက်တော့ သည်။

သူ့အမေနှင့် သူ့အဘွားတို့က ပြိုင်တူ အော်ကြီး ဟစ်ကျယ် ငိုလိုက်ကြသောအခါ တစ်လကျော်အရွယ် သာရှိသေး၍ လောကအကြောင်းကို နကန်းတစ်လုံးမှ မသိသေးသော ခင်ခင်ငြိမ်းမှာလည်း လန့်ဖျပ်ပြီး အော်ငိုလိုက်လေသည်။

မခင်မှီတို့  သားအမိ၊  မြေးအဘွားတွေ  တအီအီ ငိုကြွေးနေကြချိန်တွင်   ရဲဘော်ဖြူနှစ်ယောက်သည် အိမ်နီးနားမှ ရွာသားသုံးလေးယောက်ကို အော်ငေါက် ခေါ်ကာ ဦးဘကျော်၏အလောင်းကို အိမ်ပေါ်က ထမ်းချစေသည်။

ဦးဘကျော်အလောင်းကို  ရွာပြင်သို့  ထုတ်သွားသောအခါ မခင်မှီတို့သားအမိနှစ်ယောက်မှာ တအီအီ ငိုကြွေးပြီး အပြင်သို့ ထွက်လိုက်ကြ၏။

ဟဲ့ သမီး၊ ကလေးလေးကို ခေါ်မသွားကောင်းဘူးကွယ်၊ ဟေ့ မေစိန်၊ ခင်မှီ့ကလေးလေး ယူထားလိုက်ပါ ဦးကွယ်

လသားအရွယ်သမီးငယ်ကို ချီပွေ့ကာ ဦးဘကျော် အလောင်းနောက်  ငိုယိုလိုက်လာသော  မခင်မှီအား အိမ်နီးချင်း ဦးလှသော်က အမြင်မတော်သဖြင့် သူ့ဇနီမေစိန်အား မခင်မှီလက်ထဲမှ ကလေးကို ယူထားလိုက်ရန် လှမ်းအော်ပြောလိုက်၏။

အိမ်နီးနားချင်းတွေမှာ ခုမှ ထွက်ရဲကြသဖြင့် ယခု တော့ မခင်မှီတို့အိမ်နားဝန်းကျင်တွင် ရွာသူရွာသား၊ လူကြီး၊ မိန်းမ၊ ယောက်ျား ဆယ်ယောက်ခန့်ရောက်ရှိ လာကြပြီ-

ဟဲ့ မိစိန်၊ ကလေးကို လိပ်ပြာလေး ဘာလေး ခွဲပေးဖို့ လုပ်ဦးဟဲ့

        ဆက်လက်ဖော်ပြပါမည်။