နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်သို့ ပြည်ထောင်စုဝန်ကြီးများ တက်ရောက် အားပေး

 

နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်သို့ ပြည်ထောင်စုဝန်ကြီးများ တက်ရောက် အားပေး

 

နေပြည်တော်  ဇန်နဝါရီ  ၃၀

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနရှိ  နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယှဉ်ပြိုင် ကစားကြသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်သို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၁)၌ မကွေးဇုန်နှင့် နေပြည်တော်ဇုန်တို့မှ ဘောလုံးအားကစားသမားများ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်ဇုန်က မကွေးဇုန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ညနေပိုင်းတွင် ကွင်း(၃)၌ မိတ္ထီလာဇုန်နှင့်တောင်ကြီးဇုန်မှ  ဘောလုံး အားကစားသမားများ ယှဉ်ပြိုင်ကစားကြရာ   မိတ္ထီလာဇုန်က တောင်ကြီးဇုန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်များအပြီးတွင် ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမျိုးသိန်းကျော်သည် ဘောလုံး အားကစားသမားများနှင့် ဒိုင်များကို  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း    သိရသည်။