အေလာတိုက်နယ်ဆေးရုံ၌ နေပြည်တော်ကုသရေး ဦးစီးဌာနမှ ကွင်းဆင်း ကုသပေးမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

အေလာတိုက်နယ်ဆေးရုံ၌ နေပြည်တော်ကုသရေး ဦးစီးဌာနမှ ကွင်းဆင်း ကုသပေးမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၃၀

    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ   နေပြည်တော် ကုသရေး ဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) နှင့် လယ်ဝေးမြို့နယ်  (ခုတင်-၁၀၀)ဆေးရုံမှ အထူးကု ဆရာဝန်များအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ၂၅ ခုတင်ဆံ့ အေလာတိုက်နယ် ဆေးရုံ၌ အေလာအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ   ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ယင်းနောက်   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ၊ အာဟာရဖြစ်စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများကို  အမှတ်တရ သစ်သီးခြင်းပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၅ ခုတင်ဆံ့ အေလာတိုက်နယ် ဆေးရုံအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ အေလာတိုက်နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဝဏ္ဏမျိုးထွဋ်က လက်ခံရယူသည်။

ယနေ့ အေလာအုပ်စုအတွင်းရှိ ကျေးရွာများမှ အထွေထွေရောဂါလူနာ ၉၆ ဦး၊ မျက်စိလူနာ ၁၀၅ ဦး၊ ခွဲစိတ်လူနာ ၁၆ ဦး၊ အရိုးလူနာ ၆၆ ဦး၊ ကလေးလူနာ ၁၃ ဦး၊ သားဖွားမီးယပ်လူနာ ၁၀ ဦး၊ သွားလူနာ ၂၃ ဦး၊ စုစုပေါင်းလူနာ ၃၂၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၁၈ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်   လယ်ဝေးမြို့နယ် အေလာအုပ်စု ရွာသစ်ကျေးရွာရှိ နေပြည်တော်တိုင်း ဝိနည်းဓိုရ်    ရပ်/ကျေး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မန်ကျည်းတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေသဝအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည်   လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာအနီး ရုံးပင်-အေးချမ်းသာ ဆက်သွယ်သော လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး တံတား ပေ ၈၄၀   တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ နေပြည်တော်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးပင်-အောင်ချမ်း သာတံတားချဉ်းကပ်လမ်း သုည ဒသမ ၂၇၄ ကီလိုမီတာအရှည် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။   

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရုံးပင်ကျေးရွာအုပ်စု အနီး ၂၀၂၃-၂၀၂၄ ခုနှစ် အစေ့ထုတ်ပြောင်း သီးနှံစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်း ဧက ၄၀ တွင် Top Partner Co.,Ltd. ၏ ပြောင်းမျိုး စမ်းသပ်ကွက်သို့ သွားရောက်၍ အစေ့ထုတ်ပြောင်း သီးနှံ စိုက်ပျိုးထားရှိမှုနှင့်   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် နေပြည်တော်လမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းပေါ်တွင်  Thermo Plastic Paint  ဆေးလိုင်းဆွဲခြင်း လုပ်ငန်း၊ လမ်းညွှန်၊ လမ်းအမှတ်အသားများ ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် မြို့ရှောင်လမ်းဘေးဝဲ/ယာတွင် အရိပ်ရသစ်ပင်များ သုံးတန်း စိုက်ပျိုးထားရှိမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊  တာဝန်ရှိသူများက အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်     အကောင်းဆုံး အားကစားသမားဆု၊   ပထမ၊  ဒုတိယ၊ တတိယဆု ရရှိသည့်အသင်းများမှ အားကစားသမားများ၊ အမျိုးသားခရစ်ကက်ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အသင်းများမှ အားကစားသမားများကို  တစ်ဦးချင်းဆုတံဆိပ်များ၊   ငွေသားဆုများ၊ တံခွန်စိုက် ဆုဖလားများကို ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။