ဝမ်းရေထက်ပင် ခက်ပါသည်

ဝမ်းရေထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

မခင်မှီလက်ထဲက    ခင်ခင်ငြိမ်းအား လှမ်းယူရန်  လုပ်လိုက်သော  ဦးလှသော် ဇနီး ဒေါ်မေစိန်အား နောက်က အမျိုးသမီး ကြီးတစ်ယောက်က ကြိုကြိုတင်တင် သတိ ပေးလိုက်၏။

လိပ်ပြာဆိုသော  အမျိုးသမီး၏စကား ကြောင့် တချို့အမျိုးသမီးတွေက အတော်ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

မိန်းမသားများ ထိတ်ထိတ်ပျာပျာဖြစ်ကြ မည်ဆိုကလည်း ဖြစ်စရာပင်။

မှောင်မိုက်သောမိုးတစ်ည၌  အိမ်ပေါ်တွင် သေနတ်မှန်၍ သေဆုံးသော ဦးဘကျော်၏အလောင်းကို ချက်ချင်းဝါးလုံးတစ်လုံးနှင့် မြှောင်ချည်ကာ ရွာပြင်သို့ထုတ်သွားကြသောမြင်ကွင်းသည် ချောက်ချားစရာ ကောင်းလှ၏။

လက်ဆွဲမီးအိမ်နှင့်တစ်ယောက်က လမ်း ပြအဖြစ် ရှေ့ကသွားသည်။

ထို့နောက်တွင် ဦးဘကျော်၏အလောင်း ထမ်းသူနှစ်ယောက်၊ ဦးဘကျော်အလောင်း ကို စောင်တစ်ထည်နှင့်ပတ်ကာ ဝါးလုံးနှင့် ပူးချည်ထုပ်ထမ်းသွားသော်လည်း မီးရောင် ထဲ၌  သွေးကွက်ကြီးတွေ  စိုရွှဲနေသည်ကို နောက်ကလူတွေ မြင်နေရ၏။

သေနတ်တစ်ယောက်နှစ်လက်စီ လွယ်ထားကြသော ရဲဘော်ဖြူနှစ်ယောက်သည် ဦးဘကျော် အလောင်းနောက်က လိုက်ပါကြသည်။ မခင်မှီတို့သားအမိနှစ်ယောက် ကတော့ ပေါက်တူး တူးသူ၊ ဖျာစုတ်ထမ်း သူတွေနှင့် ရော၍လိုက်ပါရ၏။

နေ နေပါစေ အဒေါ်ကြီးရယ်။ ကျွန်မ သမီးလေးကို သူ့အဖေအလောင်း ပြချင်လို့ပါ။ နောက်ဆိုရင် အစ်ကို့ကို မြင်ချင်လို့ မြင်ရမှာမဟုတ်တော့ဘူး ဟီး ဟီး

အိုကွယ် ဘယ်ဖြစ်ပါ့မလဲ သမီးရယ်၊ မလုပ်ကောင်းဘူး။  ပေး  ပေး၊  ကလေး အဒေါ့်ကို ပေးထားခဲ့

သူ့လက်ထဲက ကလေးလာယူသူ ဒေါ်မေ စိန်အား မခင်မှီက ပြောငိုပြီး ကလေးကို ဖက်ထားသောအခါ ဒေါ်မေစိန်က ဖျောင်း ဖျောင်းဖျဖျပြောပြီး ကလေးကို လှမ်းယူရ ၏။

ခင်ဗျားတို့ကလည်း အရေးထဲ သိပ်ရှုပ် တာပဲ။ ခင်ဗျားတို့ မိန်းမတွေ တစ်ယောက် မှ မလိုက်ကြတာကောင်းမယ်

ရဲဘော်ဖြူတစ်ယောက်က စိတ်ရှုပ်လာ သလိုနှင့် နောက်သို့လှည့်ကာ အော်ငေါက် လိုက်သည်။

သို့သော် မခင်မှီတို့ သားအမိနှစ်ယောက် မှာကား ဦးဘကျော်၏အသုဘနောက်သို့ လိုက်လျက်သာ။

တော်ပြီဗျို့၊ အဲဒီမှာမြှုပ်မယ်

ရွာပြင်တောစပ်သို့ ရောက်သောအခါ ရဲဘော်ဖြူတစ်ယောက်က အမိန့်ပေးလိုက်၏။

ဒီနေရာက လူသွားလူလာလမ်းနဲ့ သိပ် နီးနေပါတယ်ကွယ်။   ဟိုဘက်နည်းနည်း ရွှေ့ပါရစေဦး

ခင်ဗျားတို့သဘောပဲ၊    ဟိုမှာလည်း တစ်လောင်းရှိသေးတယ်။  တစ်ခါတည်း သာမြှုပ်လိုက်

ရွာသားအဘိုးကြီးတစ်ယောက်၏စကား ကို ထိုရဲဘော်ဖြူက ပြန်ပြောလိုက်သည်။

ညနေစာထမင်း   မစားခဲ့ရသေးသည့် အပြင်    ကျဆုံးသွားသူနှစ်ဦး၏သေနတ် တစ်ယောက်တစ်လက်ကိုလည်း    အပိုလွယ်လာရသူက   စိတ်တိုလာသဖြင့်ပြောသည်။

ဦးဘကျော်၏အလောင်းကိုမြှုပ်နှံရန် ကျင်းတူးနေကြချိန်တွင် နောက်ရွာသားနှစ် ယောက်နှင့်    ရဲဘော်ဖြူနှစ်ယောက်က ကိုထွန်းငြိမ်း ပြန်ပစ်၍ ကျည်ခကျဆုံးသွား သော    ရဲဘော်မောင်စောအလောင်းကို လက်နှိပ်ဓာတ်မီးနှင့် သွားရှာကြသည်။

အဲ ဟိုမှာပဲ၊ အဲဒါ သွားယူလိုက်ကြ

လယ်ကွက်ထဲက     အလောင်းတစ်လောင်းကို ရဲဘော်က လက်နှိပ်ဓာတ်မီးနှင့် ထိုးပြပြီးပြော၏။

ရေ ခြေသလုံးတစ်ဝက်လောက်ရှိသော လယ်ကွင်းထဲတွင် မှောက်လျက်သေဆုံးနေ သောအလောင်းကို မြင်ရသောအခါ မခင် မှီ၏တစ်ကိုယ်လုံးမှာ သတိလစ်မတတ်ဖြစ် သွားသည်။

အလောင်းရှိနေသော လယ်တစ်ကွက် လုံးတွင် သွေးတွေက ခြင်းခြင်းနီနေလေပြီ။

အစ်ကိုငြိမ်း

ဟောဗျာ နေစမ်းပါဗျ။ အဲဒါ ကိုထွန်း ငြိမ်းအလောင်း မဟုတ်ဘူး။ ရဲဘော်မောင် စောအလောင်းဗျ၊    ရဲဘော်မောင်စော အလောင်း၊  ကိုထွန်းငြိမ်း  ပြန်ပစ်လို့ကျတာ

အလောင်းရှိရာသို့ အော်ပြေးသွားသော မခင်မှီအား   ရဲဘော်ဖြူတစ်ယောက်က လက်ကိုတင်းတင်းကျပ်ကျပ် ဖမ်းဆွဲပြီး အော် ပစ်လိုက်၏။

ဟင် ဒီလိုဆို ကိုငြိမ်းအလောင်းရော ဟင်၊ အစ်ကိုငြိမ်းအလောင်းရော၊ ကျွန်မ ယောကျ်ားအလောင်းရောယောက်ျားဖြစ်သူအတွက် သောကပရိဒေဝမီး တောက်လောင်နေသူ မခင်မှီ၏ အော်လိုက်သံမှာ     ကွင်းပြင်တစ်ခုလုံး သောသောညံ သွားသည်ဟု ထင်လိုက်ရသည်။

ခင်ဗျားယောကျ်ားအလောင်း ချောင်းထဲလွှင့်ပစ်လိုက်ပြီ။   သွားစမ်း၊   စိတ်ရှုပ်တယ်စိတ်တိုလာသူ ရဲဘော်ဖြူက မခင်မှီကို တွန်းပစ်လိုက်သောအခါ မခင်မှီမှာ လယ် ကွင်းရေထဲ ပစ်လဲကျသွားသည်။

သေမယ်၊ သေမယ်၊ ကျွန်မယောကျ်ား မရှိရင် ကျွန်မလည်း ချောင်းထဲဆင်းသေမယ်။ ကျွန်မယောကျ်ားကို သတ်တဲ့ ရှင် တို့ ကျွန်မကိုလည်း သတ်ကြပါ၊ သတ်လိုက် ကြပါ။  ရှင်တို့ကိုယ်ပေါ်က  ဒီသေနတ်နဲ့ ပစ်သတ် အို ဟေး...လူတွေ၊ ဒီမှာလုပ်ကြပါ ဦးဗျ၊ ဟေး ဘယ်လိုလဲ၊ ဖယ်စမ်းပါဆိုနေ၊ သေနတ်မတော်တဆပေါက်ရင် ခင်ဗျား တင်မဟုတ်ဘူး။   ကျုပ်ပါ   သေမယ်ဗျ။ ကျုပ်ပါသေလိမ့်မယ်

ဆက်လက်ဖော်ပြပါမည်။