ပြည်ခရိုင်၌ ကြံစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိ

 

ပြည်ခရိုင်၌ ကြံစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိ

 

ပြည် ဇန်နဝါရီ ၃၀

    ပြည်ခရိုင်အတွင်း ကြံသီးနှံကို မြို့နယ်အားလုံး စိုက်ပျိုးပြီး    ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့၌  အများဆုံး စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်က ကြံသီးနှံခင်းသစ် ၂၀၄၉၈ ဧက၊ လမိုင်း ၇၃၄၀ ဧက စုစုပေါင်း ၂၇၈၃၈  ဧက စိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၂၃ တန် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ခင်းသစ် ၂၀၉၀၅ ဧက၊ လမိုင်း ၇၄၃၀ ဧက စုစုပေါင်း ၂၈၃၃၅ ဧကစိုက်ပျိုးခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၂၉ ဒသမ  ၉၅ တန်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန   သတင်းများအရ သိရသည်။

ပြည်မြို့နယ်၌ နဝဒေးသကြားစက်နှင့်   ပေါက်ခေါင်းမြို့နယ်မှ  အင်ငါးခွ သကြားစက် နှစ်စက်ရှိကြောင်း၊ စက်ရုံအရောက်ဈေး ကြံတစ်တန်လျှင်  ငွေကျပ် ၁၂၅၀၀၀ ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

နဝဒေးသကြားစက်အနေဖြင့် ယခုနှစ်တွင် ကြံတန်ချိန် ၂၀၀၀၀၀ ခန့် ကြိတ်ခွဲရန် လျာထားပြီး သကြားတန်ချိန် ၁၄၀၀၀ ခန့်၊ အင်ငါးခွသကြားစက်အနေဖြင့်  တန်ချိန် ၁၃၅၀၀၀ ခန့်   ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၀၈၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်ခရိုင် အတွင်းရှိ ကြံစိုက်တောင်သူများ အနေဖြင့် ခုတ်သိမ်းပြီးသောကြံများကို သကြားစက်သို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိရာ သကြားစက်များမှ ယခင်နှစ်ကထက် ဈေးမြှင့်ဝယ်ယူလျက် ရှိသောကြောင့် တောင်သူများအကျိုးအမြတ် ပိုမိုရရှိလျက်ရှိကြောင်း သိရသည်။