ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး စားနပ်ရိက္ခာများ လုယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး စားနပ်ရိက္ခာများ လုယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်

          ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ် တောင်ဘက်အစွန်းဆုံးရှိ ဆားကုန်ဘုတ် ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များမီးရှို့နေပြီး ကျေးရွာရှိစားနပ်ရိက္ခာများကို ယူဆောင် နေကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက ဆားကုန်ဘုတ်ကျေးရွာ အတွင်းမှ AA သောင်းကျန်းသူများက လူနေအိမ်များကိုအကာအကွယ်ယူ ချောင်းမြောင်း တိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ခြင်းကြောင့် ဆားကုန်ဘုတ်ကျေးရွာ အတွင်း မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ် တွင်လည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဒေသခံပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှား များကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။