ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ခင်ပွန်းသည်၏ သောကနှင့် အရူးမီးဝိုင်းဖြစ်နေရှာသော မခင်မှီက ရဲဘော်ကိုယ်ပေါ်က သေနတ်ကို အတင်းဆွဲပြီး သူ့ကိုသတ်ပါ၊ ပစ်ပါ လုပ်နေသောအခါ ထိုရဲဘော်ဖြူမှာ ကြောက်ကြောက်ရွံ့ရွံ့နှင့် အလောင်း သွားယူနေသူတွေကို အော်ဟစ်အကူအညီ တောင်းလိုက်ရလေသည်။

“ကဲ အဲဒီအလောင်း နောက်မှမြှုပ်ကြဗျို့။ ဒီကအမျိုးသမီးကို ရွာထဲ သွားပို့လိုက်ကြဦး။  ဟေ့ကောင် မောင်ထွန်းတို့ သွားမယ်ကွာ။ ငါ(..) တဲမှပဲ၊ ကြာရင်  အားလုံး မသာချည်းဖြစ်ကုန်လိမ့်မယ်။ ကဲ  ကျွန်တော် တို့သွားပြီ။ ခင်ဗျားတို့ အဲဒီအလောင်းတွေ သေသေချာချာမြှုပ်လိုက်ကြ ပါ။ ဒါပဲ”

ရဲဘော်ဖြူနှစ်ယောက်သည် ပြောပြောဆိုဆိုနှင့်ပင် ထွက်သွားကြသည်။ ရွာက အလောင်းမြှုပ်ရန် လာကြသူတွေမှာ  အလောင်းကို  မမြှုပ်အားသေးဘဲ မခင်မှီတို့သားအမိကို ဖျောင်းဖျပြီး ရွာထဲသို့ အရင်ပို့ရ၏။ နောက်မှ ဥက္ကဋ္ဌကြီး ဦးဘကျော်နှင့် ရဲဘော်ဖြူ မောင်စောတို့၏အလောင်း ကို တစ်ယောက်တစ်ကျင်းစီတူး၍ မြေမြှုပ်လိုက်ကြလေသည်။

    ပါးစပ်ထဲရှိ ထမင်းလုတ်ကိုဝါးရင်း မခင်မှီသည် အပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

မိုးလဖြစ်သဖြင့် အပြင်တွင် ဆည်းဆာ၏ အလင်းရောင်ကို လုံးဝမမြင် ရ။ ပတ္တမြားရွှေရည်တို့ ပျောက်ကွယ်နေကြသည်။

အမှောင်ထုသည် သြကာသလောကကြီးကို ဝါးမျိုရန် အားယူလျက် ရှိချေသည်။

ဦးဘကျော်နှင့် ကိုထွန်းငြိမ်းတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြသော ညကပင်  မခင်မှီသည်  အမှောင်ထုကို  ကြောက်ရွံ့နေခဲ့သည်။ မှောင်မိုက်သောညမျိုးကို စိုးရွံ့နေခဲ့သည်။ အမှောင်ကိုမြင်ရလျှင် စိတ်ထဲ က ချောက်ချားနေခဲ့သည်။ အမှောင်ရည်တို့ ပျို့မှိုင်းလာသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး အေးစက်လာမိသည်။ လက်ဖျား၊ ခြေဖျားတွေ တုန် တုန်ယင်ယင်ဖြစ်လာမိသည်။

ထိုအခါ အမှောင်ညကြီးတွင် ဦးဘကျော်၏ အလောင်းကောင်ကြီးက အလိုလို မခင်မှီ၏မျက်စိထဲ ဝင်ရောက်လာ၏။ ရင်ဘတ်မှသွေးတွေ တပွက်ပွက်အန်ထွက်ကာ ကယောင်ကတမ်းတွေပြောပြီး ကုန်းကုန်းကွကွကြီး လျှောက်နေသော ဦးဘကျော်အလောင်းက မခင်မှီကို အမှောင်ထဲ၌ ခြောက်လှန့်လျက်ရှိသည်။

ဦးဘကျော်၏  ရုန့်ရင်းကြမ်းတမ်းသော  အသွင်သဏ္ဌာန်နှင့်အတူ ကိုထွန်းငြိမ်းလား၊ ရဲဘော်ဖြူတစ်ယောက်လားဟု ခွဲခြားမသိနိုင်စွမ်းသော အလောင်းတစ်လောင်းကလည်း မခင်မှီ၏အမြင်အာရုံသို့ ချက်ချင်း ရောက်လာပြန်၏။ ထိုအလောင်းကောင်ကြီးသည် ရေဖွေးဖွေးထနေသော လယ်ကွင်းထဲ၌ မှောက်လျက်ကြီး မျောပါနေသည်။ ပတ်ဝန်းကျင် တွင် သွေးပင်လယ်တို့ ဝေနေသည်။

ဦးဘကျော်နှင့် ကိုထွန်းငြိမ်းတို့ ရှေ့ဆင့်နောက်ဆင့် ဆုံး ပါးသွားခဲ့ကြသည်မှာ နှစ်ညပင်လွန်ခဲ့ပြီ။ သို့သော် ထိုအမြင်အာရုံတို့သည် မခင်မှီ၏ မျက်စိထဲက ယနေ့ထိ မထွက်ပျောက်နိုင်သေး။ ထို့ကြောင့် မခင်မှီအနေ  မှာ ညညဆိုလျှင် အမေအစောင့်မပါပါက အိမ်ပေါ်က အိမ်အောက်ပင် မဆင်းရဲ။ တပိုတပါးသွားရန်ကိုပင် စိုးကြောက်လျက်ရှိသည်။

ဤသည်တို့ကြောင့်လည်း မခင်မှီတို့သားအမိသည် ညနေစာ၊ မနက်စာ ထမင်းစားကြရာ၌ပင် ဦးဘကျော်သေဆုံးခဲ့ရသော မီးဖိုဆောင်နား၌ မစားရဲကြဘဲ အပြင်ဧည့်ခန်း၌သာ စားခဲ့ကြသည်။ တစ်အိမ်လုံးတွင် ဦးဘကျော်၏ သွေးညှီနံ့တို့နှင့်အတူ ဦးဘကျော်နှင့် ဝိညာဉ်အစိမ်းလတ် လတ်တို့က အခိုးအငွေ့ပမာ ဝဲပျံပျံ့နှံ့လျက်ရှိသည်ဟု စိတ်ထဲကစွဲနေ သည်။

ထို့ကြောင့်လည်း မခင်မှီသည် အမှောင်ထု အရပ်ရှစ်မျက်နှာမှ ဝင်ရောက်လာကြမည်ကို စိုးကြောက်ထိတ်လန့်လျက်ရှိလေသည်။

သို့သော် ရှောင်လွဲှ၍မရနိုင်သော တစ်နေ့တာ၏ အမှောင်ထုက တဖြည်းဖြည်းနှင့် အိမ်ထဲသို့ တွား၍ တွား၍ ဝင်လာနေကြပေပြီ။

မခင်မှီသည် ပန်းကန်ထဲရှိ ကုန်လုဆဲ ထမင်းလုံးအားလုံးကို သိမ်းကျုံး အစသတ်ကာ နောက်ဆုံးထမင်းလုတ်ကို ကမန်းကတန်းဝါးမျိုချလိုက်၏။

“သမီး၊ ထမင်းထည့်ပါဦးကွယ်”

“တော် တော်ပါပြီ အမေ၊ သမီး ဝပါပြီ”

အမေသည် မခင်မှီ၏မျက်နှာကို ညှိးညှိုးနွမ်းနွမ်းတစ်ချက်ကြည့်ကာ သက်မကို မသိမသာညင်း၍ ချလိုက်သည်။

“နည်းနည်းယူပါဦး သမီးလေးရယ်”

“ဟင့်အင်း အမေ၊ ကျွန်မ ဝပါပြီ”

အမေ့မှာ ဒုတိယအကြိမ် သက်မချမိပြန်၏။

ဦးဘကျော်၊ ကိုထွန်းငြိမ်းတို့ ဆုံးပါးသွားခဲ့ကြသောနေ့ကပင် မခင်မှီ သည် တစ်နေ့မှ ထမင်းနှစ်ခါ ထည့်မစား။ မည်မျှ ဟင်းကောင်းကောင်း ချက်ချက် တစ်ပန်းကန်ကိုပင် မနည်းအချိန်ကြာ မျှဉ်းစားရသည်။

အမှန်ကတော့ ခင်မှီသာမဟုတ်။ သူ့မှာလည်း သောကပရိဒေဝမီးက တောက်လောင်ကာ  ဘာကိုစားစား  အရသာမတွေ့ဖြစ်နေမိသည်။ ထမင်းတစ်ခါထည့်ကိုပင် မနည်းကြိုးစား၍ စားရသည်။ သူ့အနေမှာ သက်ကြီးရွယ်အိုအရွယ်မို့ မည်သို့ဆိုစေ မခင်မှီထက်တော့ သောကပရိဒေ၀ မီးလောင်ခြင်းကို  ခံနိုင်ရည်ရှိသည်။  ဦးဘကျော် သေဆုံးသွားခြင်းမှာ ဒုတိယယောကျ်ား သေဆုံးသွားခြင်းသာဖြစ်သဖြင့် ယခင်ပထမယောကျ်ား မခင်မှီတို့အဖေ ဆုံးပါးသွားတုန်းကနှင့်စာသော် အတော်အတန်ခံနိုင်ရည် ရှိသည်ဟု ဆိုရပေမည်။                    

 ဆက်လက်ဖော်ပြပါမည်။