ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို

ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်

ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ စုစုပေါင်း ၄၀ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင် ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှု လုပ်ငန်း စဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကား များ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊   မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၏ ရင်တွင်းစကားသံ များအား ယခုလို ကြားသိခဲ့ရပါတယ် -
 

ကယားပြည်နယ်တိုင်းရင်သားရိုးရာယဉ်ကျေးမှုအဖွဲ့၏ ရင်တွင်းစကားသံများ

၁။  ကျွန်တော်တို့မြန်မာနိုင်ငံမှာ တန်ခိုးကြီးဘုရားတွေများစွာရှိတဲ့အထဲမှ ကမ္ဘာမှာ ဉာဏ်တော်မြင့်ဆုံး ဒီမာရဝိဇယဘုရားကြီးကိုလာရောက်ဖူးမြော်ရတဲ့အတွက် နိုင်ငံသားတစ်ဘောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယိူပါတယ်။ ပထမဆုံး ကျွန်တော်တို့ကို ဂေါပကရုံးမှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အသေးစိတ် တည်ဆောက်ပုံကို သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ အခုဒီမှာ လူတစ်ထောင်ကျော်ဆံ့တဲ့ ဗိမ္မာန်တော်ကြီးကို လေ့လာခွင့်ရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာပီတိ ဖြစ်ရပါတယ်။တော်တော်လေးလဲ ထူးထူးခြားခြားတည်ဆောက်ထားတာကို တွေ့ရတဲ့ အတွက်ကြောင့် နိုင်ငံသားတစ်ဘောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယိူပါတယ်။

၂။     ကျွန်မကတော့ကယားပြည်နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့အနေနဲ့ဒီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဦးဆုံးအကြိမ်လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းပေါ်မှာတော့တွေ့မြင်နေရတာကြာပါပြီ။ လက်တွေ့ဖူးမြှော်ချင်နေတာလည်းကြာပါပြီ။ အခုလိုအပြင်မှာ ကိုယ်တိုင်းကိုယ်ကျဖူး မြှော်ရတဲ့အတွက် အတိုင်းမသိဝမ်းသာကြည်နူးဖြစ်ရပါတယ်ရှင်။ မော်ကွန်းတိုက်မှာ ဆိုရင်လည်း ပုံစံငယ်တွေကို ခင်းကျင်းပြသထားတာကိုလည်းတွေ့ရပါတယ်။ ဘုရားကြီးတည်ဆောက်ပုံအဆင့်ဆင့်ကို ဂေါပကအဖွဲ့က သေးစိတ်ရှင်းပြတဲ့အတွက် လည်းထူးဘဲကျေးဇူးတင်ရှိပါတယ်ရှင်။ အခုလို လာရောက် လေ့လာနိုင်အောင် စီစဉ် ပေးတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးဘဲကျေးဇူးတင်ပါတယ်ရှင်။ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။

၃။         ကျွန်မကတော့ ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့က နေလေ့လာ‌ရေးခရီးစဉ်ကိုပါလာတာဖြစ်ပါတယ်။ ပထမဦးစွာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိုဖူးမြှော်ပြီးပါပြီ။ နောက်ပြီး မော်ကွန်းတိုက်ကိုလေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောက်စာရုံစေတီတွေကိုဖူးမြှော်ရင်း ကျောက်စာများကိုလေ့လာဖြစ်ခဲ့ပါတယ်။ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးမြှော်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူး ပြည်သူများကိုလည်း ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမြှော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။