ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
မခင်မှီ၏အဖေ ဆုံးပါးသွားစဉ်ကမူ သူသည် ယခု သူ့သမီးခံစားရသကဲ့သို့ မစားနိုင်မသောက်နိုင်ဖြစ်ခဲ့ရသည်။ အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။ ဦးဘကျော်နှင့်စာသော် မခင်မှီတို့အဖေမှာ ငယ်ချစ်ဖြစ်သဖြင့် သွားလေသူကို နှစ်ပေါင်းများစွာသတိရပြီး ကြေကွဲဝမ်းနည်းခဲ့ရသည်။ ယူကျုံးမရ တွေးဆပြီး ငိုခဲ့ရသည်။
ယခု သမီးငယ်၏အဖြစ်မှာလည်း မောင်ထွန်းငြိမ်းသည် ငယ်ချစ်မို့ အဘယ်မျှ ယူကျုံးမရ ပူဆွေးနေမည်ဆိုသည်ကို မိခင်ဖြစ်သူမှာ ကိုယ်ချင်း စာမိပါ၏။ သို့သော် မခင်မှီက ဤလိုအစားနည်း၊ အအိပ်နည်းနှင့် စိတ်ပူသောကများပြီး ရောဂါတစ်စုံတစ်ခုဖြစ်သွားလျှင် တစ်လကျော်မျှသာ ရှိသေးသော မြေးမကလေး ခင်ခင်ငြိမ်း၏နောင်ရေးမှာ တွေးမကြည့်ဝံ့စရာပင်။
ထို့ကြောင့်လည်း ရှေ့နောက် ဆင်ခြင်တွေးတောတတ်သော အမေ က သမီးဖြစ်သူကို ဖျောင်းဖျောင်းဖျဖျနှင့် ထမင်းစားရန် တိုက်တွန်းရ ပြန်သည်။
ဒါလေးနည်းနည်းတော့ ကုန်အောင်စားလိုက်စမ်းပါဦး သမီးလေးရယ်။ ဟင်းနဲ့မစားချင်ရင် သမီး အချိုနဲ့စားမလားဟင်။ အမေ ထန်းလျက် ယူပေးမယ်လေ
သမီး ဝပါပြီ အမေရယ်။ ဘယ်လိုမှ သမီးမစားချင်တော့လို့ပါ
သမီးရဲ့သမီးလေးကို ချစ်ရင် ထမင်းကို အားပြုစားပါ သမီးရယ်။ သမီးထမင်းမစားနိုင်တော့ နို့ ဘယ်ထွက်တော့မလဲ၊ တစ်လကျော်ပဲ ရှိသေးတဲ့ အမေတို့သမီးလေးဟာ နို့မျက်နေမှာပေါ့။ ဒီအရွယ်နုနုလေး ဟာ မိခင်နို့နဲ့ လုံးဝကင်းလို့ မရနိုင်သေးဘူးသမီး
သ သမီးသိပါတယ် မေမေ၊ သမီးလေးကိုလည်း သမီးအသက်မက ချစ်ပါတယ်။ ငယ်ငယ်ကပဲ အဖေမခေါ်လိုက်ရတဲ့ သမီးရဲ့အဖြစ်နဲ့ ဒီသမီးလေးရဲ့အဖြစ်က
အိုကွယ် သ သမီးကလည်း
မခင်မှီမှာ ပြောရင်းရှိုက်နေရာက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျ လာသည်။ မိခင်ဖြစ်သူမှာလည်း ရင်ထဲဆို့ သွားလေ၏။
ထမင်းစားပြီး၍ ပန်းကန်ဆေးရန် ထသွားသော မခင်မှီ၏ နောက် ကျောကို လှမ်းကြည့်ကာ အမေဖြစ်သူမှာ ထမင်းပွဲရှေ့၌ပင် ငိုင်တွေ၍ ကျန်နေ၏။
အဟမ်း
ချောင်းဟန့်သံ၊ ခြေသံနှင့်အတူ အိမ်ပေါ်သို့ လှမ်းတက်လိုက်ကြ သော ရဲဘော်ဖြူနှစ်ယောက်ကို ရုတ်ခြည်းမြင်လိုက်ရသောအခါ မခင်မှီ ၏အမေမှာ မျက်လုံးပြူးသွားလေသည်။
ယခုထိ သူတို့သားအမိအား နှိပ်စက်၍ အားမရကြသေးသော အကု သိုလ်တို့သည် အမှောင်နှင့်အတူ ရောက်လာကြပြန်လေပြီလား။
အင်း မောင် မောင်ရင်တို့၊ ထမင်းစား၊ ထမင်းစားကြပါဦးလားကွယ်
ကျွန်တော်တို့ စားပြီးပါပြီကြီးကြီး၊ သုံးဆောင်ပါ ခင်ဗျာ
မခင်မှီတို့အမေက ကြောက်ကြောက်ရွံ့ရွံ့နှင့် လောကဝတ်ပျူငှာ လိုက်သည်ကို အသက်အားဖြင့် ဆယ့်ငါး၊ ဆယ့်ခြောက်လောက်ပင် ရှိဦး မည်ဟု ထင်ရသော ရဲဘော်လေးက ယဉ်ယဉ်ကျေးကျေးတုံ့ပြန်သည်။
သူနှင့်အတူပါလာသူ အသက်သုံးဆယ်ကျော်အရွယ်ရှိ ရဲဘော်ဖြူကြီးကတော့ တစ်အိမ်လုံးကိုသာ ကျီးကန်းတောင်းမှောက်လျှောက်ကြည့်နေသည်။
အပြင်က စကားပြောကြသံနှင့် ရဲဘော်ဖြူနှစ်ယောက်၏ ရုပ်သဏ္ဌာန် ကို လှမ်းမြင်ရသောအခါ မခင်မှီမျက်နှာမှာ ချက်ချင်းသွေးဆုတ်သွားရ ပြန်သည်။
အမှန်ကတော့ မခင်မှီ၏အမေမှာလည်း ထိတ်ထိတ်ပျာပျာနှင့် သွေး ဆုတ်နေလေပြီ။
မခင်မှီဆိုတာ ရှိပါသလား
ဟင်...မ မခင်မှီ
ဟုတ်ပါတယ်၊ ဦးထွန်းငြိမ်းဇနီး ဒေါ်ခင်မှီကို မေးနေတာပါ။ ခု ဒီအိမ်မှာ ဒေါ်ခင်မှီရှိတယ်မဟုတ်လား
သူတို့ကို တွေ့စကပင် နှစ်ပေါင်းများစွာ အိုစာနေသော မခင်မှီအမေ ၏မျက်နှာမှာ ယခုတော့ သူတို့၏စကားကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွား ပါလေပြီ။
အမေသာ မဟုတ်၊ မခင်မှီ၏အနေမှာလည်း မိုးကြိုးခွင်းရာ၌ စက် ကွင်းမလွတ်သူတစ်ယောက်ပမာ တစ်ကိုယ်လုံးရှိ သွေးတို့မှာ ရပ်ဆိုင်း သွားကြပါလေပြီ။
မခင်မှီသည် ဆေးလက်စပန်းကန်ကိုကိုင်ကာ ကျောက်ရုပ်ပမာငိုင်နေမိသည်။
သူတို့ ငါ့ကိုဖမ်းဖို့လာကြပြီ၊ ငါထွက်ပြေးရရင် ကောင်းမလား၊ ငါ ထွက်ပြေးလို့ရော သူတို့လက်ထဲက လွတ်ပါ့မလား၊ ငါထွက်ပြေးလို့ လယ် ကွင်းထဲရောက်ရင် ကိုထွန်းငြိမ်းလိုပဲ ငါ့ကို ပစ်သတ်...
မခင်မှီမှာ ရှေ့ဆက်မတွေးရဲတော့ဘဲ အမေနှင့်ရဲဘော်ဖြူတို့ အပြင် ကပြောနေသံကိုသာ အသက်အောင့်၍နားစိုက်နေမိ၏။
ကျောင်းဆရာ ကိုထွန်းငြိမ်းဇနီးအိမ် ဟုတ်တယ်မဟုတ်လား
ရဲဘော်ဖြူနှစ်ယောက်ထဲတွင် လူကြီးဖြစ်သူကမေး၏။
ဦးဘကျော်တိုက်နယ်ဥက္ကဋ္ဌလုပ်ခဲ့စဉ်ကပင် ရဲဘော်ဖြူများကို တော်တော်များများ မြင်ဖူးသော်လည်း ဤရဲဘော်ဖြူနှစ်ယောက်ကိုတော့ မခင်မှီတို့အမေမှာ တစ်ခါမှမမြင်ဖူးပါချေ။ သူတို့သည် နှစ်ယောက်စလုံး လူစိမ်းချည်းဖြစ်ကြသည်။ ထို့ကြောင့်လည်း တစ်စုံတစ်ရာ သံသယစိတ် နှင့် ဤမေးခွန်းမျိုးကို ထပ်မေးခြင်းဖြစ်လေသည်။
ဆက်လက်ဖော်ပြပါမည်။