တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တွေ့ဆုံ

 

တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့    ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊     ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များရှိ စာအုပ်စာတမ်းများ၊ သုတေသနသုံး စက်ပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ    အသုံးပြုနိုင်ရေးနှင့် အသုံးပြု     မှတ်တမ်းများ ထားရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊  ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသပ်ရပ် သာယာမှုရှိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ  ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်း   စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေးပွဲများ   ကျင်းပရန် နီးလာပြီဖြစ်၍ စာမေးပွဲ ကျင်းပစဉ်ကာလများတွင် အခြေခံပညာမှ ဆရာ၊ ဆရာမ များနှင့် အဆင့်မြင့်ပညာမှ ဆရာ၊ ဆရာမများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ စာဖြေ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက်   လိုအပ်သည်များ   ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးကြစေလိုကြောင်း၊   ကျောင်းသား၊ကျောင်းသူများ       ပညာသင်ယူမှုအခွင့်အလမ်း ရရှိအောင်၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ညီညွတ်စွာ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊  ကျောင်းသူများ စဉ်းစားတွေးခေါ်မှု အားကောင်းလာစေရန် ပရောဂျက် အခြေပြု သင်ယူလေ့လာမှု   (Project based Learning) စနစ်ကို အလေးထား ဆောင်ရွက်ရန် မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည် တို့က   တက္ကသိုလ်များ၊   အခြေခံပညာ ကျောင်းများနှင့် ပညာရေးဒီဂရီ ကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။