နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများ ပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ -  ၂

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်တွင် ရရှိသည့် ပင်နယ်တီသွင်းဂိုးဖြင့် နေပြည်တော်ဇုန် အသင်းက ပွဲကစားချိန် ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်တွင် မိတ္ထီလာဇုန်အသင်း ကချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၆၅ မိနစ်တွင် နေပြည်တော်ဇုန်အသင်းက အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သောကြောင့် ပွဲကစားချိန် ပြီးဆုံးချိန်တွင် နေြပည်တော်ဇုန်အသင်းက မိတ္ထီလာဇုန် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး(အလယ်တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံးဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က တတိယဆုရရှိသည့် မကွေးဇုန်အသင်းကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဒုတိယဆုရရှိသည့် မိတ္ထီလာဇုန် အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် နေပြည်တော်ဇုန် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် နေပြည်တော်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။