ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

“တိုက်နယ်ဥက္ကဋ္ဌ ဦးဘကျော်အိမ်လေ ဟုတ်တယ် မဟုတ်လား”

“ဟုတ် ဟုတ်ပါတယ်၊ ကလေးရယ်”

ကြောက်ရွံ့ ထိတ်လန့်စိတ်နှင့် သတိလစ်သလိုဖြစ်နေရှာသော မခင်မှီ၏အမေမှာ ရဲဘော်ဖြူနှစ်ယောက်  အမေးကို ယခုမှ ပြန်ဖြေနိုင်သည်။

“ဒီလို ဆိုရင် ဘယ်မှာလဲ မခင်မှီ ဆိုတာ”

“ရှိ ရှိပါတယ်ကွယ်”

“ဘယ်မှာလဲ”

“အိမ် အိမ်ထဲမှာ ကလေး နို့တိုက်နေတယ် ထင်ပါ ရဲ့”

တုန်တုန်ယင်ယင် ဖြေကြားလိုက်သော အမေ့အသံ ကိုကြားမှ မခင်မှီသည် သမီးလေးကို သတိရမိသည်။ ထိုအခါ တစ်ကိုယ်လုံးမှာ ကြောက်ရွံ့စိတ်နှင့် တစ်ဆတ် ဆတ် တုန်ယင်လာပြန်၏။

“သ သမီးရေ၊ အပြင် ခဏတဲ့”

မိခင်က နို့လာတိုက်သဖြင့် အိပ်မောကျနေရာက မကြည်ဖြူသလို “ဟင့်” ခနဲ တစ်ချက် အသံထွက်လာ သော သမီး၏ အသံနှင့်အတူ အပြင်က အမေ၏ ခေါ်သံကိုလည်း တစ်ဆက်တည်း ကြားလိုက်ရ၏။

မခင်မှီ၏ တစ်ကိုယ်လုံးမှာ ချက်ချင်း ထူပူသွားလေ သည်။

“ဒေါ်၊ အင်း၊ အဲ မခင်မှီ အပြင်ကို ခဏကြွခဲ့ပါဦး ခင်ဗျာ”

“ဟုတ် ဟုတ်ကဲ့ရှင့်၊ ကလေးနို့တိုက်နေလို့ပါ”

မခင်မှီသည် ကလေးကို ပွေ့ချီနို့တိုက်ရင်း အပြင်  သို့ ထွက်လာ၏။

“မခင်မှီ ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ။ ကလေးတော့ ထားခဲ့ပါ”

“ဟင်”

“ဟာ”

ကလေးချီ၍ အပြင်သို့ ထွက်လာသော မခင်မှီကို မြင်သည်နှင့် တစ်ပြိုင်နက် ရဲဘော်ဖြူတစ်ယောက်က သူတို့နှင့် လိုက်ခဲ့ရမည်ဟု ဆိုသည်။

“ကျွန် ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ရမယ်”

“ဟုတ်တယ်၊ ခင်ဗျား ခု ကျွန်တော်တို့နဲ့ ခဏ လိုက်ခဲ့ပါ”

“ဟင် ရှင်တို့ကို ကျွန်မ ကြောက်တယ်၊ ကျွန်မ မလိုက်ရဲဘူး။ ကျွန်မ မလိုက်ပါရစေနဲ့။ ရှင်တို့ကို ကျွန်မကြောက်တယ်။ အမေ အမေ”

“အို ခင်ဗျားကလည်း ခဏလေးပါဗျာ။ ကျွန်တော် တို့ ဗိုလ်ကြီးက ခင်ဗျားကို မေးစရာရှိလို့ပါ”

“အို ညကြီးမင်းကြီး ကျွန်မ မလိုက်ရဲဘူး။ ဒီမှာပဲ မေးကြပါ။ ကျွန်မ ကြောက်တယ်။ ရှင်တို့ကို ကျွန်မ ကြောက်၊ ည ညအမှောင်ထဲမှာ ကျွန်မ မနေရဲဘူး။ အမေ ကျွန်မ ကြောက်တယ် အမေရဲ့”

အကြောက်လွန်နေသူ မခင်မှီခမျာမှာ ရုတ်ခြည်း သွေးပျက် ရူးသွပ်သွားသူ တစ်ဦးပမာ အထိတ်တလန့် ထအော်ကာ သူ့အမေကို တင်းတင်းကျပ်ကျပ် ဖက်ထား လိုက်သည်။

ယခုအခါ သူ့အတွက် အားကိုးအားထားရာဆို၍ ဤအမေတစ်ယောက်သာရှိတော့သည် မဟုတ်ပါလား။

“ဟုတ် ဟုတ်ပါတယ် ကလေးတို့ရယ်၊ မင်းတို့လည်း ကြားပြီးသိပြီးကြရောပေါ့။ ဒီအိမ်ပေါ်မှာ ကိုဘကျော် နဲ့  မောင်ထွန်းငြိမ်းတို့၊  အဲ  အဲဒီညကပဲ   သမီးက သွေးလန့်နေတာပါကွယ်”

“အဲဒီ ကိစ္စပဲပေါ့ဗျ။ ခု ကျွန်တော်တို့ ဗိုလ်ကြီးက စစ်ဆေးစရာရှိလို့ အခေါ်လွှတ်လိုက်တာ”

“အဒေ့ါ်ကိုယ်စား  မင်း...မင်းတို့ဗိုလ်ကြီးကို တစ်ဆိတ်လောက် တောင်းပန်ပေးကြပါလား ကလေး တို့ရယ်။   အဒေ့ါ်သမီးလေးကို ဒီမှာပဲ လာမေးပါ။ အဒေါ့်သမီးလေးဟာ”

“အို ဒါတော့ ဘယ်ဖြစ်မလဲဗျ။ တရားခံတစ်ယောက်ကို ရပ်ထဲရွာထဲ မေးရိုးထုံးစံ မရှိဘူး”

ရဲဘော်ဖြူနှစ်ယောက်အနက် လူကြီးလုပ်သူက ပြောလိုက်၏။ လူငယ်ဖြစ်သူကတော့ ဘာမှ ဝင်မပြော တော့ဘဲ မခင်မှီတို့ သားအမိကိုသာ စူးစိုက်ကြည့်နေ လေသည်။

သူ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။

သူတို့၏ထုံးစံမှာ တရားခံ တစ်ယောက်ကို တရားခံ ရှိရာအိမ်ကို လာရောက်စစ်ဆေးရိုး ထုံးစံမရှိချေ။ ဤလို နိုင်ငံရေး တရားခံအဖြစ် အရေးကြီးသော တရားခံမျိုး ကို မဆိုထားနှင့်၊ သူခိုး၊ ဓားပြတစ်ဦးဦးကိုပင် စစ်ဆေး စရာရှိလျှင်   ရွာနှင့်ဝေးသော  သို့မဟုတ်   ရိုက်နှက် စစ်ဆေးသောအခါ တရားခံက အော်ဟစ်သော်လည်း ရွာသူ၊  ရွာသားတွေ  မကြားနိုင်သော   နေရာ၌သာ စစ်ဆေးလေ့ရှိသည်။

နိုင်ငံရေးတရားခံဆိုသည်မှာ   သူခိုး၊   ဓားပြလို မဟုတ်။  ခံယူချက်ပြင်းပြမှုနှင့် လာသူမို့  တစ်ချက်၊ နှစ်ချက်ရိုက်ရုံနှင့်  အဖြစ်မှန်ကို  ဖော်ပြမည်မဟုတ်ပေ။ အလွန်ရက်စက်နိုင်မှ သို့မဟုတ် နည်းအမျိုးမျိုး နှင့် စစ်ဆေးနိုင်မှ အဖြစ်မှန်သိရပေမည်။ ထို့ကြောင့် လည်း  ယခုအခါ မခင်မှီအား  ရွာသူ၊ ရွာသားများ မသိရအောင် ညကြီးမင်းကြီး ရွာပြင်ထုတ်စစ်ဆေးရန် ဗိုလ်ညိုက  တပည့်ရင်းနှစ်ယောက်ကို  အခေါ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။

ဆက်လက်ဖော်ပြပါမည်။