နိုင်ငံတော်အစိုးရက ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည့် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားတို့၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ

 

နိုင်ငံတော်အစိုးရက ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည့် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားတို့၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ

 

    နိုင်ငံတော်အနေဖြင့် ပြည်ပတွင်ရောက်ရှိနေကြသည့် အမိနိုင်ငံသားများ အခက်အခဲများကြုံတွေ့နေရပါက မည်သို့သောအခြေအနေသို့  ရောက်ရှိနေသည့်တိုင် မိမိတို့ နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုး ထားပြီး  ကယ်တင်ခြင်း၊  ပြန်လည်ခေါ် ဆောင်ခြင်းတို့ကို   မြန်မာသံရုံးနှင့် သက် ဆိုင်ရာနိုင်ငံ သံရုံးများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ မိမိတို့နိုင်ငံသားများ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌  အစ္စရေးနှင့် ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိခဲ့ကြသည့် မြန်မာနိုင်ငံသားများကို  အချိန်မီ ကယ်တင်နိုင်ခဲ့သည့်နည်းတူ အီရတ်နိုင်ငံ အကျပ်အတည်းများအတွင်း   ပိတ်မိနေကြသော မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံတော်၏ စေတနာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်တွင်ဘဂ္ဂဒက်-ဒူဘိုင်း-ဗန်ကောက်-ရန်ကုန်ခရီးစဉ်ဖြင့်   ရန်ကုန်မြို့သို့   ပြန်လည် ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူနှင့် ပြန်လည်ရောက်ရှိလာကြသူတို့၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများကို   စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ဝေေ၀လတ်(ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး)

    ကျွန်မတို့ ပြန်လည်ထူထောင်ရေးဦးစီး ဌာနအနေနဲ့ လုပ်ငန်းငါးရပ်ကို ဆောင်ရွက်နေပြီး အခုလို အီရတ်နိုင်ငံကပြန်လာတဲ့ နိုင်ငံသားသုံးဦးဟာလည်း ကျွန်မတို့ရဲ့နိုင်ငံ သားတွေဖြစ်တဲ့အတွက်  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။

မဟန်နီထွန်း(စစ်တွေမြို့)

    ကျွန်မကစစ်တွေမြို့ကပါ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အလုပ်လုပ်ဖို့ သွားရောက်ခဲ့တာပါ။ ဟိုမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့အတွက် အမိနိုင်ငံကို အလွန်ပြန်ချင်ပါတယ်။ ပြန်ဖို့လည်း အခက်အခဲတွေရှိနေချိန်မှာ မြန်မာနိုင်ငံသံရုံးနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ခရီးစရိတ် အကုန်အကျခံပြီး ပြန်လည်ခေါ်ဆောင်ပေးမှုကို အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အခုလို သမီးတို့ ပြည်ပနိုင်ငံမှာ အခက်အခဲကြုံ တွေ့နေရချိန် ပြန်လည်ခေါ်ဆောင်ပေးတာကို ဖော်မပြတတ်အောင် ကျေးဇူးအထူးတင်ပါတယ်ပြောကြားရင်း လက်ဆယ်ဖြာမိုးပြီး ကန်တော့ပါတယ်။ နိုင်ငံတော်ကလူကြီးတွေရဲ့ ကျေးဇူးကြောင့်သာ ပြန်လည်ရောက်ရှိနိုင်ခဲ့တာပါ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

မမြတ်အေးစံ(ပုဏ္ဏားကျွန်းမြို့)

    သမီးရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းလာချိန်မှာ ရင်ထဲဝမ်းနည်းဝမ်းသာ ခံစားရပြီး မျက်ရည်လည်းဝဲရပါတယ်။ မြန်မာနိုင်ငံနဲ့ မိမိဒေသကို ပြန်ရောက်လိမ့်မယ်လို့ မထင်ထားပါဘူး။ မိဘဆွေမျိုးတွေနဲ့ ပြန်တွေ့ရလိမ့်မယ်လို့လည်း  မထင်ထားပါဘူး။ အီရတ်နိုင်ငံမှာ အလွန်ဒုက္ခရောက်ပါတယ်။ ရင်ထဲနက်နက်ရှိုင်းရှိုင်း ပြောချင်တာတစ်ခုက မြန်မာနိုင်ငံက  လူကြီးတွေအားလုံး၊ သံရုံးကဆရာ၊ ဆရာမများနဲ့ သမီးတို့ကို လာရောက်ကြိုဆိုကြတဲ့ ဆရာ၊ ဆရာမများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။

သန်းနွယ်ဌေး(မြောက်ဦးမြို့)

    သမီးက ဒူဘိုင်းမှာ အလုပ်လုပ်တာပါ။ ဒူဘိုင်းကနေ အီရတ်မှာပြောင်းပြီး အလုပ်လုပ်ပါတယ်။  အီရတ်နိုင်ငံမှာ အခက်အခဲတွေကြုံရပြီး မြန်မာနိုင်ငံလို စိတ်ထားမျိုး မရှိတဲ့အတွက် ပိုပြီးခံစားရပါတယ်။ အခုလိုနိုင်ငံတော်စရိတ်နဲ့ ပြန်လည်ခေါ်ဆောင်ပေး လို့သာ သမီးတို့ပြန်ရောက်ခဲ့တာပါ။ နိုင်ငံတော်က လူကြီးတွေ၊ မြန်မာသံရုံးက ဝန်ထမ်း တွေနဲ့ သမီးတို့ကို ကူညီဆောင်ရွက်ပေးသူအားလုံးကို ဒီနေရာကနေ ကန်တော့ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ရှင်။