နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

(၇၅)နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစား အမြောက်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင် တို့က (၇၅) နှစ်မြောက် စိန်ရတုအမြောက် တပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆင်ဖြူရှင်ခန်းမအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၇၅)နှစ် မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “စိန်ရတုမှသည် ရတုအဆက်ဆက်ချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုအမှာ စကားပြောကြားရာတွင်  ယနေ့သည်တပ်မတော်၏ အဓိကလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ် သည့် အမြောက်တပ်ဖွဲ့၏ သက်တမ်း(၇၅)နှစ်ပြည့်မြောက်သည့် စိန်ရတုနှစ်ပတ် လည်နေ့ အခါသမယပင်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် စတင် တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာ သည့် တာဝန်များအပေါ် “ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်” ဆိုသည့် အမြောက်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။

အမြောက်တပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ဗမာ့ကာကွယ် ရေးတပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန်ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ်၊ မေလ တွင် အမှတ်(၁)မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery အဖြစ် စတင်ဖွဲ့စည်းခဲ့ သည်ကိုတွေ့ရကြောင်း၊ အဆိုပါအချိန်သည် လွတ်လပ်ရေး မရမီကာလဖြစ်ပြီး လွတ်လပ် စွာစီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အမှတ်(၁)မြေပြင်ပစ် အမြောက်တပ်ကို ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလတွင် အမှတ်(၆)ဗမာ့သေနတ်ကိုင် တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ရသည်ကို တွေ့ရကြောင်း။

၁၉၄၈ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ပြည်တွင်းလက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ပြီး“ရန်ကုန်အစိုးရ” ဟုခေါ်ရလောက်အောင် ခြိမ်းခြောက်လာခဲ့ကြောင်း၊ အင်းစိန်ကို ကရင်သူပုန်တို့ ဝင်ရောက် တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ကို ဗိုလ်ကြီး ရဲထွန်းနှင့် စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ် နေဝင်း ကိုယ်တိုင် အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို အမြောက် တပ်ဖွဲ့၏ သန္ဓေတည် ပေါက်ဖွားရာတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ယနေ့ဆိုပါက (၇၅)နှစ်ဆိုသည့်စိန်ရတုကာလကိုရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။

အမြောက်တပ်ဖွဲ့အနေဖြင့်စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်း ကမ်း ကောင်းမွန်သည့်အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်း တစ်ခု အဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး ပေးအပ်သည့်အမိန့်အတိုင်း ၃ ရက်အတွင်း ဖွဲ့စည်း ပြင်ဆင်ကာ သမိုင်းဝင်အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေး တိုက်ပွဲ ဝင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက် ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးတိုက်ပွဲများအထိ “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာ ပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း။

အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏ မူလတာဝန်များကို  သာမက တပ်မတော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ် မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းများအပြင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း။

ထို့အပြင် ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံ တော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောင် မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲ ဝင် အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။

အမြောက်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီ အမြောက် လက်နက်များ၊ ခဲယမ်းများနှင့်အမြောက် တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေး နေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်ပမှ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့မှာရှိပြီးသား အမြောက်ပညာရပ်များ နှင့်ပေါင်းစပ်ပြီး အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိနားလည်အောင် သင်တန်းများဖွင့်လှစ်ပြီး ပြန်လည်သင်ကြား လေ့ကျင့်ပေး လျက်ရှိကြောင်း။

လေ့ကျင့်ရေးပိုင်းတွင်လည်း တပ်မတော်မှာ ပြုလုပ်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးများ၊ (ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ) ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းများတွင်လည်း အခြားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ပါဝင် လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီး အမြောက်တပ်ဖွဲ့၏ အဓိကဆောင်ရွက်ရမည့် တာဝန်များ ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။

မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံ တော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း  ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခု အဖြစ် ဝင့်ကြွား ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိ သည့်တပ်၊ စွမ်းအားရှိ သည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ် အမြဲတမ်း ဖြစ်နေစေရေး တပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် မှာကြားလို ကြောင်း။

အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော် ကပေးအပ်လာသည့် တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ကြသည် ကိုလည်း (၇၅)နှစ်တာခရီးတွင် အကြိမ်ကြိမ်သက်သေပြနိုင်ခဲ့ကြပြီး ဘွဲ့ထူး၊ ဂုဏ်ထူး များရရှိသူ အရာရှိ၊ စစ်သည်၊ ရဲမေများ ပေါ်ထွက်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြု ဂုဏ်ယူ သည် ကိုပြောကြားလိုကြောင်း။

မျိုးဆက်သစ် အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြောက်တပ်ဖွဲ့၏ အစဉ် အလာကောင်းများကို လက်ဆင့်ကမ်းတာဝန်ယူ ထိန်းသိမ်းသွားကြပြီး အနာဂတ် တပ်မတော်နှင့် အမြောက်တပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေအဖြစ် ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ် ထားသည့် မိမိတို့၏တပ်ဖွဲ့ဆောင်ပုဒ်များ၊ ကြွေးကြော်သံများအတိုင်း ထိန်းသိမ်း ဆောင်ရွက်ကြပြီး ကျရာတာဝန်များကို ကျေပွန်အောင် ဆက်လက် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားရင်း(၇၅)နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့မှသည် နောင်လာ မည့် ရတုများစွာတိုင်အောင် စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးက တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ ယင်းနောက် (၇၅)နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “The God of War” ကို အမြောက် တပ်ဖွဲ့ဝင်များက  ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးက (၇၅)နှစ်မြောက်စိန်ရတု အမြောက် တပ်ဖွဲ့နေ့ အထိမ်းအမှတ် လက်ဆောင်ကို နေရာအရောက်ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အငြိမ်းစားဆက်သွယ်ရေးအမြောက်တပ်ဖွဲ့ ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ(၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်း အမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။