​​​​​​​၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်

နေပြည်တော်  ဖေဖော်ဝါရီ   ၃

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြော ကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန် ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ တေးသံရှင်များနှင့် အနုပညာရှင်များက တေးသံသာများ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသ ထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိကြသူများ၊ ထူးချွန် ဆုရ ဇာတ်ကားများနှင့် ထူးချွန်ဆုရ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ် တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့ရုပ်ရှင် ခေတ်ဦးမှ ရာပြည့်အလွန် သက်တမ်းအထိ ခေတ်အ ဆက်ဆက်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကား (၆) ကားကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် Forever Group မှ အနုပညာရှင် များက သရုပ်ဖော်တင်ဆက်ကြပြီး ခေတ်အဆက်ဆက် အနုပညာကို လက်ဆင့်ကမ်းခဲ့ မှုအား ကြယ်စင်ရုပ်များကိုင်ဆောင်၍  သရုပ်ဖော်ပြသကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က စက်ခလုတ်ခုံတွင် အကယ်ဒမီရွှေကြယ်ကို စိုက်ထူ၍ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ် တင်ဆက်သည့် “ရာပြည့်နှစ်အလွန် အကျိုးဆက်ရှာဖွေ မြန်မာ့ရုပ်ရှင် တိုးတက်ပါစေ” မှတ်တမ်း Video Clip ကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မင်္ဂလာရှိသည့် အချိန်အခါသမယတွင် ရုပ်ရှင်ထူးချွန် အနုပညာရှင်ကြီးများကို ဂုဏ်ပြုခွင့်ရသည့်အတွက် မိမိအနေဖြင့် လွန်စွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာ့ရုပ်ရှင်သည် ၁၉ ရာစုနှောင်းပိုင်းတွင် စတင်ပေါ် ပေါက်ခဲ့ပြီး မြန်မာ့ရုပ်ရှင်သည် ၂၀ ရာစုဆန်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည့် အတွက် မြန်မာ့ရုပ်ရှင်ခေတ်ဦးသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ခဲ့သည်ဟု ပြောဆိုရ မည်ဖြစ်ကြောင်း။

၁၉၂၀ တွင် ပထမဆုံး ရုံတင်ပြသခဲ့သည့် “မေတ္တာနဲ့ သူရာ” ဇာတ်ကားသည် မြန်မာစာရေးဆရာနှင့် ဇာတ်ညွှန်းရေးဆရာတို့က ရေးသားဖော်ကျူးထားသည့် မြန်မာတို့၏ လူနေမှုဘဝ ဇာတ်အိမ်အပေါ် မြန်မာဒါရိုက်တာနှင့် ဓာတ်ပုံဆရာတို့က မြန်မာမင်းသား၊ မင်းသမီးများနှင့်အတူ ပုံဖော်ရိုက်ကူး တင်ဆက်ထားသည် မြန်မာ ဇာတ်ကား စစ်စစ်ဖြစ်ကြောင်းကို  လေ့လာတွေ့ရှိရပါကြောင်း။

အဆိုပါဇာတ်ကားကို ဖန်တီးရိုက်ကူးတင်ဆက်ခဲ့ကြသူများ ဖြစ်ကြသည့် မြန်မာ့ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်နှင့်အတူ ဒါရိုက်တာကြီး ဦးတုတ်ကြီး၊ ဇာတ်ညွှန်းရေး ဆရာ စာရေးဆရာကြီး ပီမိုးနင်း၊ ရုပ်ရှင် ဓာတ်ပုံဆရာကြီး ဦးမောင်မောင်၊ ရုပ်ရှင်မင်းသား ဦးဘဌေး (ဦးညီပု)၊ ရုပ်ရှင်မင်းသမီး မအေးကြည် (မအေးရီ)၊ လူကြမ်းသရုပ်ဆောင် မောင်မောင်ချစ် အစရှိသည့် မြန်မာနိုင်ငံသားများ ကိုယ်တိုင်က ပထမဆုံးသော မြန်မာ့ရုပ်ရှင်သမိုင်းကို လှပစွာ ဖွင့်လှစ်ပေးခဲ့ကြသူများအဖြစ် မိမိတို့ အားလုံး လေးစားအသိ အမှတ်ပြုကြရမည်ဖြစ်ကြောင်း။

မြန်မာ့ရုပ်ရှင်၏ နှစ်တစ်ရာကျော်ခရီးကို ပြန်လည်ဆန်းစစ် ကြည့်မည်ဆိုပါက ရုပ်ရှင်အနုပညာအတတ်ပညာရှင်များသည် အခက်အခဲ အမျိုးမျိုးကို မည်သို့ပင် ရင်ဆိုင် တွေ့ကြုံခဲ့ကြရသော်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများကို ဘဝအသိ၊ ဘဝအတွေ့ အကြုံများ မျှဝေပေးနိုင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဖန်တီး ထုတ်လုပ်ကြိုးပမ်းခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။

တစ်နည်းအားဖြင့် အသံတိတ်မှ အသံထွက်၊ အဖြူအမည်းမှ ဆေးရောင်စုံ၊ မြင်ကွင်းငယ်မှ မြင်ကွင်းကျယ် စသည်ဖြင့် ရုပ်ရှင်နှစ်တစ်ရာကျော်ခရီးကို နိုင်ငံတကာ ရုပ်ရှင်ဖွံ့ဖြိုးမှုနှင့်အတူ လိုက်ပါပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြံစည်ကြိုးပမ်း အားထုတ်ခဲ့ ကြပါကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ခဲ့ကြသည့် အနုပညာသူရဲ ကောင်းကြီးများကို လည်း မိမိတို့အားလုံးက လေးစားတန်ဖိုးထားပါကြောင်းကို အလေးအနက် ပြောကြား လိုပါကြောင်း။

ထို့အပြင် ကိုလိုနီခေတ်မှစပြီး ငွေရတု၊ ရွှေရတု၊ စိန်ရတုနှင့် ရာပြည့်ခေတ် တိုင်အောင် ခေတ်စနစ်အမျိုးမျိုးကြားတွင် ပျော်ရွှင် လွမ်းမောဖွယ်ရာ လူမှုဘဝများ ကိုသာမက နိုင်ငံတော်၏ အရေးပါသော အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေ များကို အနုပညာနှင့် ထင်ဟပ်ဖော်ပြတင်ဆက်နိုင်ခဲ့သည်ကို လည်း နိုင်ငံနှင့်ပြည်သူ အပေါ် မိမိတို့ တတ်ကျွမ်းနားလည်သည့် အနုပညာနှင့် တာဝန်ကျေပွန်စွာ ဆောင်ရွက် ပေးနိုင်ခဲ့ပြီဟုလည်း ထပ်လောင်းပြောကြားလိုပါ ကြောင်း။

မည်သို့ပင်ဖြစ်စေကာမူ မိမိတို့ချစ်ခင်မြတ်နိုးရသည့် မြန်မာ့ ရုပ်ရှင်အနုပညာ သည် ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် ကြည်ကြည်လင်လင် သန့်သန့်စင်စင် နှင့် ဖြတ်သန်းစီးဆင်းကာ နိုင်ငံနှင့် ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင် နိုင်ပါစေဟု တိုက်တွန်း ပြောကြားလိုပါကြောင်း။

၂၀၂၃ ခုနှစ်မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အနီးတစ်ဝိုက် မြို့များတွင် ကျရောက်ခဲ့သည့် ပြင်းထန်သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဒေသခံပြည်သူ များသည် ထိခိုက်ပျက်စီးမှုနှင့်အတူ ဆင်းရဲဒုက္ခအတိရောက်ရှိခဲ့ကြပါကြောင်း၊ ထိုသို့ မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်အစည်းအရုံးများမှ အနုပညာရှင်များ စုပေါင်းပြီး တတ်နိုင်သမျှ ထောက်ပံ့ ကူညီပေးခဲ့ခြင်း၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေး‌ဆောင်ရွက်ခဲ့ခြင်း များ၊ ရန်ပုံငွေ ရရှိရေးအတွက် ပဒေသာကပွဲ၊ ဘောလုံးပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ သည်များကို မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အနုပညာ ရှင်များ၏ လှုပ်ရှားမှုများကို တွေ့မြင်ရသူတိုင်း၊ ကြားသိရသူတိုင်း ကြည်နူးဝမ်း မြောက်ခဲ့ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် “အရေးကြီးရင် သွေးစည်းတယ်၊ အရေးကြုံရင် သွေးဆုံတယ်” ဆိုသည့် မိသားစုစိတ်ဓာတ်များ ပေါ်လွင်ထင်ရှား လာသ ကဲ့သို့ အနုပညာ ရှင်များ၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံ့အရေးအတွက် အမျိုးသားရေး စိတ်ရှိခြင်းဆိုသည့် ပြယုဂ်ကို ပြသ လိုက်ခြင်းပင်ဖြစ်ပါကြောင်း။

တစ်နည်းအားဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက် လက်ကိုင်ပြုထားသည့် “ရုပ်ရှင်သည် ပြည်သူအတွက်” ဆိုသည့် ဆောင်ပုဒ်ကို လက် တွေ့အကောင်အထည် ဖော်ဆောင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အသိ အမှတ်ပြုပါကြောင်းနှင့် နောင်တွင်လည်း ယခုထက်ပိုမို အကျိုးပြုနိုင်ကြပါ စေကြောင်းကို တိုက်တွန်းပြောကြားလိုပါကြောင်း။

အထူးသဖြင့် ပြောကြားလိုသည်မှာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နေကြသည့် အနုပညာရှင်များ အနေနှင့် နိုင်ငံတော်၏အရေး၊ ပြည်သူများ၏ အရေးကို ယခုကဲ့သို့ ကြိုးပမ်းဆောင် ရွက်ကြသည့်အခါတွင် အရေးကြီးဆုံးအချက် အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အရေးကိစ္စနှင့် မိမိအဖွဲ့အစည်းအရေးကိစ္စ ယှဉ်လာပါက အဖွဲ့အစည်းအရေး၊ ၎င်းမှ တစ်ဆင့်  အဖွဲ့အစည်းအရေးနှင့် နိုင်ငံ့အရေး ယှဉ်လာပါကလည်း နိုင်ငံ့အရေးကိစ္စကို ဦးစားပေး ဆောင်ရွက်နိုင်ရေး မှန်ကန်စွာ ခွဲခြားသိမြင်ပြီး တိုင်းပြည်၏ အနာဂတ်၊ ပြည်သူများ၏ အနာဂတ်ကို လှပစွာ ဝိုင်းဝန်းကူညီ ဖော်ဆောင်ပေးကြရန် လိုအပ်မည် ဖြစ်ကြောင်းကိုလည်း တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေး” ဆိုသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည် သာယာဝပြောရန်အတွက် ပြည်တွင်းတွင် စားရေရိက္ခာ ဖူလုံပြည့်ဝရန် လိုအပ်သကဲ့သို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပေါ် ဈေးကွက်ဝင်ပို့ကုန် အမျိုးအစား အသီးသီးတို့ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်မှသာ ပြည်သူများ၏ လူမှု စီးပွားဘဝ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် မြင့်မားလာမည်ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး လုပ်ငန်းအဖွဲ့နှင့် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ တာဝန်ယူထားသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့အပြင် နယ်မြေအလိုက် တည်ငြိမ်အေးချမ်းရေး၊  တရားဥပဒေစိုးမိုး ရေးနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအချက်များသည်လည်း မဖြစ်မနေလိုအပ်မည့် အခြေခံလိုအပ် ချက်များပင်ဖြစ်ပါကြောင်း၊ အဆိုပါ အပ်ချက်များ ပြည့်စုံရန်အတွက် နိုင်ငံသား တိုင်းအားလုံးသည်  နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် အမျိုးကိုချစ်စိတ် စသည့် အစွန်းမရောက်သော အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ဖန်တီးတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။

အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ စွမ်းဆောင် ရည်ရှိမှုကို ထင်ဟပ်ပေါ်လွင်စေပြီး ပြည်သူကို စေ့ဆော် တိုက်တွန်းမှု အားကောင်းသည့် ဒြပ်ရှိရော၊ ဒြပ်မဲ့ပါရှိသည့် ယဉ်ကျေးမှု ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်ဆံရာ တံတားတစ်စင်းလည်း ဖြစ်ကြောင်း၊ အမြင်အာရုံ၊ အကြားအာရုံ၊ စိတ်ခံစားမှုတို့နှင့် ပေါင်းစပ်ပြီး လူတို့၏ နှလုံးသားကို ရိုက်ခတ်သွားစေ နိုင်ရုံသာမက လူများ၏ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင် သည်အထိ  အစွမ်းသတ္တိများ အလွန်ကြီးမားလှပါကြောင်း၊ အနုပညာရပ် တစ်ရပ်မှ ထုတ်ဖော်ပြလိုက်သည့် အကြောင်းအရာများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အတွက် အကောင်းရော အဆိုးပါ အကျိုးသက်ရောက်မှု များနိုင်သည့် ယဉ်ကျေးမှု တန်ဖိုးကို ပြသရာရောက်သည့်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍက ပါဝင် နေသည်ဟု ပြောကြားလိုပါကြောင်း။

ထို့ကြောင့် ယခုတက်ရောက်လာကြသည့် အနုပညာရှင်များ အနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်း အောင်းစေရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး ကြရန် အလေးအနက်တိုက်တွန်းပြောကြားလိုကြောင်း။

၂၀၂၃ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၃၅ ကား ရုံတင် ပြသနိုင်ခဲ့ပြီး ယင်း ဇာတ်ကားများထဲက ထူးချွန်သည့်အနုပညာရှင် အတတ်ပညာရှင်များကို အဆင့်ဆင့် စိစစ်အကဲဖြတ်ကာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် ရုပ်ရှင်အနုပညာလုပ်ငန်းများသည် ၂၀၂၃ ခုနှစ်တွင် ပုံမှန်အခြေအနေနီးပါး ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုကြရမည်ဖြစ်ပါ ကြောင်း။

မြန်မာ့ရုပ်ရှင်လောကကြီးသာမက ရုပ်ရှင်၊ ဂီတ၊ သဘင် အနု ပညာလောကသား အားလုံး ပြန်လည်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာ အစည်းအရုံးများ၏ ဦးဆောင်မှု၊ အနုပညာရပ်ဝန်း တစ်ရပ်လုံးရှိ အနုပညာရှင်များအားလုံး၏ စည်းလုံး ညီညွတ်မှုများကြောင့် ယခုလို စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည့်အတွက် ဦးဆောင်သူများရော၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအားလုံးကိုပါ အထူးပင်ကျေး ဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း။

ဖြတ်သန်းခဲ့သည့် မြန်မာ့ရုပ်ရှင်ခရီးလမ်းတွင် ရုပ်ရှင်လောကသား များသည် မည်သို့ပင်အခက်အခဲများ ကြုံတွေ့ခဲ့ကြသော်လည်း မိမိတို့တတ်ကျွမ်းသည့် အနုပညာ စွမ်းပကားနှင့် နိုင်ငံတော်ကို အကျိုးပြုပေးခဲ့ကြသကဲ့သို့ ပြည်သူများ၏ စိတ်နှလုံးကို အနုပညာရသမျိုးစုံနှင့်  ရွှင်ပြုံးအပန်းပြေစေပြီး စိတ်ဓာတ်ခွန်အားများကို ဖြည့်ဆည်း ပေးခဲ့ကြပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှု များကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာရှင် များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ယဉ်ကျေးမှုနှင့် ချစ်စဖွယ် မြန်မာ့ဓလေ့မြန်မာ့စရိုက်၊ မြန်မာ့ရေမြေတောတောင် သဘာဝအလှအပ များကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်နှင့် အမျိုးသားရေးနှင့်ယှဉ်ပြီး  တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကားရေး၊ ပြည်သူများ အသိ ပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူး တင်ဆက်ပေးကြပါရန် ထပ်လောင်း တိုက်တွန်းပြောကြားလိုပါကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် အရှိတရားပေါ်အခြေခံပြီး လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းဆောင်တာများကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့ နိုင်ငံ၏ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ပန်းတိုင်၊ အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး တာဝန်ပင်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည် လက်ခံပေးကြရန် လိုအပ်ပါ ကြောင်း။

စစ်အေးခေတ်လွန်ကာလများတွင် အင်အားကြီးနိုင်ငံအချို့သည် အင်အားနည်း သည့် နိုင်ငံငယ်များအပေါ် ၎င်းတို့အလိုကျ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် နည်းလမ်း ပေါင်းစုံ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ချဉ်းကပ်ဆောင်ရွက်နေသည့် အထဲတွင် ယဉ်ကျေးမှုအခန်းကဏ္ဍ နယ်ပယ်သည်လည်း အဓိကကျပြီး ရှိပြီးနိုင်ငံ့ ယဉ်ကျေးမှု ပျက်သုဉ်းပါက အဆိုပါနိုင်ငံသားများ၏ စိတ်ဓာတ်များပါ ပျက်သုဉ်းမှုကတစ်ဆင့် နိုင်ငံ ချစ်စိတ်၊ အမျိုးချစ်စိတ်၊ အမျိုးဂုဏ်ကာကွယ်လိုစိတ်များ ဆုံးရှုံးမှုက တစ်ဆင့် အလွယ်တကူ လက်အောက်ဩဇာခံနိုင်ငံအဖြစ် ရောက်ရှိသွားနိုင်သကဲ့သို့ ယနေ့ကဲ့သို့ အခြေအနေမျိုးကိုလည်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် နမူနာအဖြစ် တွေ့မြင် နေကြ ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည် စကားလုံး များကို ရောင်းကုန်ပစ္စည်းကဲ့သို့ ထည်လဲသုံးပြီး ပဋိပက္ခဖြစ်သည်နှင့် စိုးရိမ် ကြောင်း၊ ထိတ်လန့်တုန် လှုပ်မိကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် လိုကြောင်း စသည့် လက်သုံးစကားများသာပြောပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသကဲ့သို့ အင်းအား ကြီးမားသည့် ဘက်ကပင် ရပ်တည်ပြီး ဖိအားပေး အကျပ်ကိုင်မှုများနှင့်  သြဇာလောင်း ရိပ်အောက်ကို ပူးပေါင်းသွတ်သွင်းနေကြသည်ကိုလည်း အမျိုးသားရေး အသိ၊ အမျိုးသား ရေး သတိ  ရှိနေကြရန်လိုအပ်ပါကြောင်း။

ယင်းသို့အခြေအနေတွင် အမျိုးသားရေးကိုယ်ခံစွမ်းအားနည်းသည့် ပုဂ္ဂိုလ်များ၊ ကြိုးဆွဲခံရုပ်သေးရုပ်များ၊ တိုင်းတစ်ပါး၏ ပေးစာ ကမ်းစာနှင့် ဘဝရပ်တည် နေသူများ စသည့် ပြည်ပအားကိုး ပုဆိန်ရိုး လက်ကိုင်တုတ်များသည် မိမိတို့ နိုင်ငံကို နည်းလမ်း အမျိုးမျိုး၊ ကောလဟာလ မှိုင်းအမျိုးမျိုးတိုက်ပြီး မတည်မငြိမ်ဖြစ်အောင် ပျက်စီး အောင်၊ ပဋိပက္ခများ ပိုမိုကြီးမားလာအောင် နှောင့်ယှက်နေမှုကိုလည်း သတိပြုကြရ မည်ဖြစ်ကြောင်း။

ယနေ့အချိန်တွင် အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုး အတ္တများ၊ လွဲမှားသည့် အယူ အဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးမား ပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်ကြီးများအနေဖြင့် မှန်ကန်သည့် အသိတရားများနှင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။

ယခုနှစ် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက် အောင်မြင်တိုးတက်စေရန်အတွက် အားအင်များပိုမိုရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း။

အလားတူ ထူးချွန်ဆု မရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့် နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားကို မြှင့်တင်ပြီး ထူးချွန်ဆုများ ဆွတ်ခူးပေးကြပါဟု တိုက်တွန်းလိုပါကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ ဓလေ့စရိုက်များ မမှေးမှိန်မပျောက်ပျက်စေရန်နှင့် တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စ ရိုက်များ လွှမ်းမိုးပြီး အရိုးပေါ်အရွက်မဖုံးစေရန် ပြောင်းလဲနေသည့် ခေတ်ရေစီး ကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို မိမိတို့ တတ် ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေး စိတ်ဓာတ်နှင့် ဖော်ဆောင်ပေး ကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ကြည်စိုး ထွန်းက ဝမ်းမြောက်စကား ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားမှူးက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီး မြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးသည်။

ထို့နောက် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့် ရာ  အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခန့်စည်သူ ၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခင်သီတာထွန်း ၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုကို ဟင်နရီစံ၊ အကောင်း ဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရုပ်ရှင်သရုပ်ဆောင် အိချောပိုတို့က ရရှိကြပြီး အကယ်ဒမီဆုများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အခမ်းအနားမှူးက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ် စိစစ်ဆောင်ရွက်မှုနှင့် ဆုများရွေးချယ် သတ်မှတ်မှုများကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီးတို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် ရုပ်ရှင်လောကသား အားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ် သက်တာထူးချွန်ဆု ရရှိကြသော ဒါရိုက်တာ အောင်မြင့်မြတ်၊ အကယ်ဒမီ နွဲ့နွဲ့စန်းနှင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးတို့ကို ဆုများပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ဆုရရှိကြသူ များက ကျေးဇူးတင် စကာပြေားကြားကြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆု များကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို  “ကံကောင်း” ဇာတ်ကားဖြင့် ဝင်းလွင်ထက်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ကောင်းဆက်ပိုင် (ဂီတမြို့)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို “ဆရာမ (The Teacher)”ဇာတ်ကားဖြင့် အကယ်ဒမီ ဒါရိုက်တာ ညိုမင်းလွင်၊ အကောင်း ဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ခေတ္တိယရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဒါရိုက် တာ တင်အောင်စိုး(ပန်းမြို့တော်)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မုန်းခွင့်” ဇာတ်ကားဖြင့် မေမြင့်မိုရ်၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ် ကားဖြင့် နေဝင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “ ဘယ်တော့မှ အရှုံး မပေးဘူး” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် စိုးမြတ်သူဇာ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် ရန်အောင် တို့က ရရှိကြသည်။

ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင် စကား ပြောကြားကြသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ် အတွင်း မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက အလှည့်ကျ ဖျော်ဖြေတင် ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယခုကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၂၀၂၃ ခုနှစ်၌ ရုံတင် ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားပေါင်း ၃၅ ကားကို  မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က အဆင့်ဆင့်အကဲဖြတ်ပြီး ယင်းဇာတ်ကားများ အထဲမှ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

၁၉၂၀ ပြည့်နှစ်မှ အစပြုခဲ့သည့် မြန်မာ့ရုပ်ရှင်၏ သက်တမ်းသည် ၁၀၄ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားရေးကို ရှေ့ရှုပြီး ၁၉၅၂ ခုနှစ်က စတင်၍ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲအဖြတ်အဖွဲ့သည် မြန်မာ့ ရုပ်ရှင်လောကသား ထူးချွန်ထက်မြတ်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ ကို ရွေးချယ်ကာ ထူးချွန်ဆုများကို ချီးမြှင့်ခဲ့သည်။

ထူးချွန်ဆု အရေအတွက်ကိုလည်း ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာဆု၊ ၁၉၅၅ ခုနှစ်တွင် အထူးဆု၊ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု၊ ၁၉၆၂  ခုနှစ်တွင် အမျိုးသား ဇာတ်ပို့ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုများကို တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆုများကို ထပ်မံ တိုးမြှင့်ချီးမြှင့်ခဲ့သဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၀ မျိုးအထိ ရှိလာခဲ့ကာ ၁၉၉၄ ခုနှစ်မှ စပြီး ရုပ်ရှင်တည်းဖြတ်ဆုကိုပါ ထပ်တိုးချီးမြှင့်ခဲ့သဖြင့် ဆုအမျိုးအစားပေါင်း ၁၁ မျိုး အထိ ချီးမြှင့်ခဲ့သည်။

၁၉၉၃ ခုနှစ်မှစ၍ ရွှေကိန္နရီ ရွှေစင်ရုပ်တွင် တပ်ဆင်ထားသည့် ငွေကြယ်အစား နှစ်ကျပ်သား ရွှေစင်ကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲမှစ၍ နှစ်ကျပ်သား ရွှေစင်ကြယ်အစား ငါးကျပ်သား ရွှေစင်ကြယ်သို့ ပြောင်းလဲပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။