၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ရာ ရုပ်ရှင်၊ သဘင်၊ ဂီတလောကမှ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ အနုပညာကို ချစ်မြတ်နိုးသည့်ပရိသတ်များ တစ်ခဲနက် တက်ရောက်အားပေးကြသည်။ ၂၀၂၃ ခုနှစ်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာကြသူများ၊ အကယ်ဒမီဆုရှင်များနှင့် ရွှေကြိုလူငယ်မောင်မယ်များ၏ ဝမ်းသာပီတိစကားသံများကို စုစည်း ဖော်ပြလိုက်ရပါသည် -

အကယ်ဒမီ ဒါရိုက်တာတင်အောင်စိုး

(ပန်းမြို့တော်)(ဒါရိုက်တာဆု)

ကျွန်တော် ဒီဇာတ်ကားကိုရတဲ့အတွက် ဝမ်းသာပါတယ်။ အခက်အခဲတွေကတော့ ကျွန်တော် ဇာတ်ကားရဲ့ သဘောသဘာဝအားလျော်စွာ မြင့်မားတဲ့တောင်တန်းတွေနဲ့ လျှိုမြောင်ချိုင့်ဝှမ်းတွေကြားမှာ  သွားလာရတဲ့ ဇာတ်အဖွဲ့တွေ၊ အေးစက်တဲ့ရာသီဥတုဒဏ်ကို ခံစားရတဲ့ အနုပညာသမားတွေ၊ စက်အဖွဲ့တွေ၊ လှုပ်ရှားမှုတွေ၊ ကန့်သတ်ချက်ဖြစ်ခဲ့တာတော့ အမှတ်တရဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့  လက်နက်တွေ အဲဒီကန့်သတ်ချက်တွေကလည်း ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို အကောင်းဆုံး ဖန်တီးခဲ့ပါတယ်။ ကိုရန်အောင်နဲ့မကြီးစိုးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် မညည်းမညူဘဲ  အကုန်လုံးဆောင်ရွက်ခဲ့ပါတယ်။ သရုပ်ဆောင်တွေအကုန်လုံးကလည်း ယုံယုံကြည်ကြည်နဲ့ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။  သူတို့တွေကိုလည်း ရစေချင်ပါတယ်။ သူတို့တွေလည်း  ရှေ့လျှောက်ဆုကြီးတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။  ကျွန်တော်တို့ရဲ့ အားထုတ်မှုကတော့ ကျွန်တော်တို့က ငွေရအောင်ရိုက်တဲ့အထဲမှာ မပါတဲ့အတွက်ကြောင့် စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့ပါတယ်။ ကူညီပံ့ပိုးမှုတွေလည်း အများကြီးကောင်းပါတယ်။ ကျွန်တော် ဇာတ်ကားရိုက်တာ တိတိကျကျဆိုရင် ၂၀၁၀ ပြည့်နှစ်မှာ စတင်ရိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အသိအမှတ်ပြုခံရတာပေါ့။ ကြားထဲမှာတော့ ရုပ်ရှင်ကားတစ်ကား ရှိခဲ့ပါတယ်။ ဒါဒုတိယအကြိမ်ရိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဇာတ်ကားကြည့်ပြီးတဲ့သူတွေ၊ မကြည့်ရသေးတဲ့သူ တွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဝေဖန်ထောက်ပြအကြံပြုခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အကယ်ဒမီရဲအောင်

အကယ်ဒမီပေးပွဲရောက်တိုင်း ရင်ခုန်ရပါတယ်။ ညီအစ်ကိုမောင်နှမတွေ ဘယ်သူပဲရရ ရင်ခုန်ရပါတယ်။ အကယ်ဒမီဆိုတာ ကိုယ့်ရဲ့အနုပညာအရည်အသွေးကိုချပြပြီး ရရှိတဲ့ဆုဖြစ်လို့ တန်ဖိုးထားသင့်ပါတယ်။   အနုပညာမောင်နှမတွေ စုံစုံညီညီတွေ့ဆုံကြရတာ   ပျော်ဖို့ကောင်းပါတယ်။

အကယ်ဒမီခန့်စည်သူ

အကယ်ဒမီပေးပွဲကတော့ ကိုယ့်ရဲ့ညီ၊ ညီမတွေကို လာပြီးအားပေးတာပါ။ ဒီနှစ်ကတော့  အားရစရာ ကောင်းပါတယ်။ ကိုယ့်လောကသားတွေကို     ချီးမြှောက်တဲ့ပွဲလေးဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကိုယ့်အတွက် သိပ်ပြီးရင်မခုန်ပါဘူး။ ကိုယ်ရခဲ့တုန်းကလည်း ဝမ်းသာခဲ့တယ်။ လွဲခဲ့တုန်းကလည်း   ဝမ်းနည်းခဲ့ရတာတွေ ရှိခဲ့တာပေါ့နော်။ လွဲတုန်းကတော့ အနည်းလေးထိခိုက်ခံစားရတယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီးပြောရရင် ဒီနှစ်လည်းဇာတ်ကားတွေ အများကြီးရှိခဲ့ပါတယ်။   ဘယ်ကားကြည့်ကြည့်စိတ်ပါမယ်ဆိုရင်    အကုန်အကောင်းတွေကြီးပါ။ တော်တယ်၊ ကောင်းတယ်၊ ထူးချွန်တယ်။ ဒါပေမဲ့  ကုသိုလ်ကံကွာတယ်။ ကံကောင်းတဲ့သူပဲရနိုင်ပါတယ်။ ရမယ့်သူကရပြီး လွဲခဲ့တဲ့သူအတွက်ကတော့ ကိုယ်လည်းကိုယ်ချင်းစာပါတယ်။ ကိုယ်လည်းအဲဒီခံစားချက်မျိုး ခံစားဖူးပါတယ်။ အခုချိန်ထိ အားပေးခဲ့တဲ့   ပရိသတ်တွေကိုလည်း  ကျေးဇူးတင်ပါ

တယ်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်

ကိုယ့်အနုပညာရှင်မောင်နှမတွေကို လွမ်းလို့ပါ။ ဒီလိုအချိန်မှ တစ်စုတစ်စည်းတည်းတွေ့ရတဲ့အတွက်ကြောင့်ပါ။ ဒီနေ့ဝတ်စုံက မန္တလေးက ငြိမ်းမင်းလတ်ဝတ်စုံဖြစ်ပါတယ်။ မိတ်ကပ်က ထွန်းမြတ်ဇော်လိမ်းပေးလိုက်တာပါ။ အနုပညာမောင်နှမတွေ တွေ့ရတဲ့အချိန် အချိန်ရသလောက် ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်မှာပါ။

ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ လူငယ်တွေပါတော့ အားတက်စရာကောင်းပါတယ်။ လူငယ်မျိုးဆက်သစ်ဆိုတာ ကဏ္ဍတိုင်းမှာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်ပွားဇာတ်ကားက   Nomination ထဲမှာတော့ ကျွန်မပါပါတယ်။ မေမြင့်မိုရ်ရမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်မအသက်အရွယ်နဲ့ Nomination ပါတာနဲ့တင် ကျေးဇူးတင်ပါတယ်။   ဇာတ်ကားအားလုံးကိုတော့ မကြည့်ဖြစ်ပါဘူး။ ကြည့်ဖြစ်တဲ့ကားတွေလည်း ကောင်းပါတယ်။   လူငယ်တွေအားလုံးရဲ့သရုပ်ဆောင်က   ကျွန်မတို့ငယ်ငယ်တုန်းကထက် အရမ်း Talent ဖြစ်ပါတယ်။ အကယ်ဒမီဆုတိုင်းကိုတော့ ကိုယ့်ကြိုးစားမှုကို    အသိအမှတ်ပြုခံရတယ်ဆိုတဲ့စိတ်နဲ့   တန်ဖိုးထားပါတယ်။   အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

အကယ်ဒမီစိုင်းစိုင်းခမ်းလှိုင်

ဒီနှစ်အကယ်ဒမီရမယ့်   အနုပညာမောင်နှမတွေကို လာရောက်အားပေးတာပါ ခင်ဗျာ။ ချစ်တဲ့ပရိသတ်ကြီးလည်း အခုအကယ်ဒမီဆုရတဲ့ အနုပညာမောင်နှမတွေလိုပဲ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

အကယ်ဒမီစိုးမြတ်သူဇာ(အမျိုးသမီးဇာတ်ဆောင်ဆု)

မကြီးအရမ်းဝမ်းသာပါတယ်။ အကယ်ဒမီဆုကို မကြီးနောက်ဆုံးရခဲ့တာက ၁၉၉၈ ခုနှစ်တုန်းကပါ။  အခု ၂၀၂၄ ဆိုတော့ နှစ်ပေါင်းက ၂၅ နှစ်ကျော်ကျော် ၂၆ နှစ်လောက်ရှိပါပြီ။ အဲ့ဒါကြောင့် မကြီးခုနကပြောခဲ့တာလေ။ ၂၅ နှစ်ကျော်လုံးလုံး ငါ့ကိုသူပတ်ပြေးလာတာလို့။ အခု အသက် ၅၂ နှစ်ကျ   သူ့ကိုပြန်မိတော့တယ်။ မိတဲ့အချိန်မှာလည်း     ကံအားလျော်စွာ ဇာတ်ဆောင်ဆုရရှိခဲ့တဲ့အတွက် မကြီးကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်တယ်။ မကြီး ပင်ပန်းခဲ့ရတာတွေ၊ ကြိုးကြိုးစားစားလုပ်ခဲ့ရတာတွေ၊ ဒါကတော့ ဇာတ်ပို့မို့လို့၊ ဒါတော့ ဇာတ်ဆောင်မို့လို့ဆိုပြီး ခွဲခွဲခြားခြားမလုပ်ခဲ့တာတွေက မကြီးကို အကျိုးပြန်ပေးတာပဲ။ မကြီးအရမ်းကို ဂုဏ်ယူကျေနပ်မိပါတယ်။ မကြီးတို့က အသက်အရွယ်လည်းရလာပြီ။ အခုခေတ်မင်းသမီးလေးတွေကလည်း သိပ်ကိုတော်ကြတယ်။ အခုချိန်မှာ ဒီလိုမျိုးဇာတ်ဆောင်ဆုရတော့ ကိုယ့်ကိုယ်ကိုယ်သိပ်ကိုဂုဏ်ယူပါတယ်။ မကြီးရဲ့ပရိသတ်တွေက   မကြီးထက်ကို ပိုပြီးဝမ်းသာကြဦးမယ် ထင်ပါတယ်။ သူတို့အတွက်လည်း သိပ်ကိုကျေနပ်ရပါတယ်။ ပရိသတ်တွေကိုလည်း သိပ်ချစ်ပါတယ်။ ပရိသတ်တွေက မကြီးအတွက်ခွန်အားပါပဲ။

အကယ်ဒမီ ဒါရိုက်တာညိုမင်းလွင်

(ဇာတ်ညွှန်းဆု)

ကျွန်တော်ရဲ့ သရဲကားတစ်ကားကို အကောင်းဆုံးဇာတ်ညွှန်းဆု ချီးမြှင့်ခံရတာ အရမ်းကိုဝမ်းသာပါတယ်။ ကျွန်တော်စပြီး ဒီကားကို ရိုက်ခဲ့တုန်းကတော့ ငါတစ်ချိန် ဒီကားနဲ့ အကယ်ဒမီရအောင်လုပ်မယ် ဆိုတာမျိုးတော့မဟုတ်ဘူး။ ပရိသတ်အတွက် အသစ်တစ်ခုဖြစ်စေချင်တယ်။ အဲ့ဒီအတွက် ကျွန်တော်ကြိုးစားတယ်။ ဒီနေ့ညမှာ အဲ့ဒီအတွက်   အကျိုးကျေးဇူးပြန်ရတယ်လို့ ထင်ပါတယ်။ အကုန်လုံး ကြိုးစားထားလို့လည်း   ကားကောင်းတစ်ကားအဖြစ် ပရိသတ်ဆီရောက်ခဲ့တာပေါ့နော်။ အကုန်လုံးသူ့နေရာနဲ့ သူကြိုးစားထားကြပါတယ်။ ကျွန်တော့်ကို အကယ်ဒမီရုပ်တုနဲ့ မြင်ချင်ကြတဲ့ပရိသတ်အယောက်တိုင်းကို အရမ်းချစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် တကယ်ကိုအရမ်းဝမ်းသာပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

အကယ်ဒမီစိုးပြည့်သဇင်

ဒီနေ့ကတော့ စိုးပြည့်အနေနဲ့ ဒီနှစ်မှာရရှိတဲ့ အနုပညာမောင်နှမတွေကို  တက်ရောက်ပြီးတော့   ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်ရှင့်။ ရင်ခုန်ပေးချင်တဲ့သူတွေကတော့ အများကြီးပါပဲ။   မကြီးစိုးအတွက်လည်း ရင်ခုန်ပါတယ်ရှင့်။   မကြီးဆိုရင်လည်း အရမ်းတော်တဲ့အနုပညာရှင်တစ်ယောက်ပါ။ အကယ်ဒမီဆုနဲ့ ဝေးကွာနေတာလည်း ကြာနေပါပြီ။ မကြီးရခဲ့ရင်တော့ စိုးပြည့်အရမ်းပျော်မှာပါ။ အကယ်ဒမီရရင် မုန့်ကျွေးဖို့ မကြီးကိုပြောထားတယ် စိုးပြည့်ရဲ့ ရုံမတင် ရသေးတဲ့ကားလေးတွေလည်း ရှိပါသေးတယ်။ နောက်ထပ် စိုးပြည့်လုပ်ချင်တဲ့ အနုပညာလေးတွေလည်း ဆက်လုပ်ဖြစ်ဦးမှာပါ။ ပရိသတ်ကြီးရစေချင်တဲ့ သူတွေရပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။    

အကယ်ဒမီမေမြင့်မိုရ်

(အမျိုးသမီးဇာတ်ပို့ဆု)

 ဒီပွဲကဆိုရင်    ကိုယ့်ရဲ့အနုပညာမောင်နှမတွေကိုလည်း ဝန်းရံအားပေးသလို၊   ကိုယ့်ရဲ့ဇာတ်ကား လေးတွေလည်း   ဒီနှစ်က   Nomination ပါတယ်ဆိုတော့  စိတ်လှုပ်ရှားတာလည်းပါတယ်။ အကယ်ဒမီ ပေးပွဲတိုင်းကတော့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ ပိုပြီးတော့ ရင်ခုန်မိတာပေါ့။ ဆန်ခါတင်စာရင်း ၁၂ ကားထဲမှာ မေလေးအတွက် ၄ ကား တောင်ပါတယ်ဆိုတာကလည်း   ပရိသတ်တွေက မေလေးကို ချစ်ပြီးတော့ ခန့်မှန်းပေးကြတယ်။ အနုပညာမောင်နှမတွေကလည်းခန့်မှန်းပေးကြတယ်။ ရင်ခုန်သံတွေကလည်း မြန်တာပေါ့နော်။ ကိုယ့်ရဲ့ဇာတ်ကားတွေ Nomination ပါတဲ့အချိန်မှာ အခုလိုမျိုးလည်း ဆုရသွားတော့တကယ်ဝမ်းသာပါတယ်။  ၂၀၁၂ ကနေ ယခု ၂၀၂၄ ခုနှစ်အထိ အနုပညာသက်တမ်း ၁၂ နှစ်ပြည့်တဲ့နေ့မှာ ဒီအကယ်ဒမီဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ အနုပညာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် အခက်အခဲတွေအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရသလို    အခုလိုမျိုးအသိအမှတ်ပြုခံရတဲ့အတွက်လည်း ပျော်ပါတယ်။ အခုလိုဆုရရှိဖို့အတွက်လည်း အနုပညာလမ်းတစ်လျှောက်မှာ တစ်ဆင့်ချင်းစီ ကျော်ဖြတ်ခဲ့ရတယ်ဆိုတော့ ခက်ခဲတယ်လို့ ပြောရမှာပေါ့။ ဒီထက်မကလည်း အများကြီးကြိုးစားသွားပါဦးမယ်လို့ ပြောချင်ပါတယ်။ အဖေနဲ့အမေ ကလည်းမေလေးအတွက်   အများကြီးအရေးပါပါတယ်။ ရလည်းရစေချင်ပါတယ်။ ပြီးတော့ ဘယ်ကားရိုက်ရိုက် နောက်ကနေပြီးတော့ တောက်လျှောက်လိုက်ပြီး    ပံ့ပိုးပေးပါတယ်။ အဖေနဲ့အမေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ပြီးတော့ မောင်လေးကိုရောပေါ့။ မိသားစုကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အမြဲတမ်းကိုယ့်အနားနားမှာ ရှိနေပေးပါတယ်။

အကယ်ဒမီ နေဝင်း

(အမျိုးသားဇာတ်ပို့ဆု)

ကျွန်တော်ပြောထားတဲ့အတိုင်းပါပဲ။ ကျွန်တော်မှန်းကိုမမှန်းထားပါဘူး။ ငါးမန်းကြီးဆိုတာ ကျွန်တော် ပထမဦးဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ကျွန်တော့်ဘဝအတွက်  တစ်သက်လုံး ကျွန်တော်အမှတ်ရနေမှာပါ။  အရမ်းလည်းပျော်ပါတယ်။ ကျွန်တော့်လိုအသစ်တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ခေါ်ရိုက်တဲ့ အပေါ်ကျွန်တော့်ဘက်ကလည်း ဇာတ်ညွှန်းကို သေသေချာချာဖတ်တယ်။ ပြီးရင် အဝတ်အစားကအစ၊ စကားလုံးပြောပုံ၊ နေပုံထိုင်ပုံ၊ ပြီးတော့ ဇာတ်ကောင်စရိုက်အကုန်လုံးကို ကျွန်တော်သေသေချာချာ လေ့လာပြီးတော့ ကြိုးစားခဲ့ပါတယ်။ အဓိကကတော့   ဒီကားကို ရိုက်ကူးခွင့်ပေးတဲ့ ကျွန်တော့်ရဲ့ချစ်ဇနီးလေး ချော ကို   ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလမ်းကြောင်းကို သွားပြီဆိုတော့    ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ သွားခိုင်းတယ်။ ကျွန်တော့်ပိုးက သတ်မရတော့ဘူးဆိုတာ သူလည်းသိတယ်။ ရည်ရွယ်မိုး  Team တစ်ခုလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်ထပ်လုပ်သွားဖို့ ရှိပါတယ်။ ကျွန်တော့်ကိုအားပေးကြတဲ့   ပရိသတ် တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီး တင်ပါတယ်။

အိန္ဒြာမိုးမြင့်(ရွှေကြို)

ကျွန်မက ရုပ်ရှင်နှစ်(၁၀၀) ပြည့်တုန်းက ပထမအကြိမ်ရွှေကြိုမှာဝင်ပြိုင်ခဲ့တာ အဲဒီတုန်းက နောက်ဆုံး အဆင့်မှာပဲ ပါခဲ့ပါတယ်။ အခုရွှေကြိုကို ဒုတိယအကြိမ်မှာဝင်ပြိုင်တာ ရွေးချယ်ခံခဲ့ရပါတယ်။   ရွှေကြိုမှာ အဆင့်သုံးဆင့် ဝင်ပြိုင်ပြီးမှ   ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ သေချာလေးကြိုးစားပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။

ရွှေကြိုကိုရွေးချယ်ကြတဲ့ဒိုင်များကလည်း သေချာရွေးချယ်ပြီး   လေ့ကျင့်ပေးခဲ့ပါတယ်။ ရွှေကြိုအယောက် ၃၀၀ ကျော်ထဲက ၂၆ ယောက်ကို ရွေးချယ်ပေးခဲ့တဲ့ ရွှေကြိုဒိုင်များကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ရုပ်ရှင်အသိပညာနဲ့ သရုပ်ဆောင်တာတွေ၊ ကျန်တဲ့ဗဟုသုတများကိုလည်း လေ့လာခဲ့ရပါတယ်။ ရွှေကြိုဆိုတာ ကျွန်မတို့ရဲ့ဘဝမှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ ကျွန်မငယ်ငယ်က ကလေးသရုပ်ဆောင်မှာ  သရုပ်ဆောင်ခဲ့တော့ အဆင်ပြေပါတယ်။ အခက်အခဲသိပ်မရှိပါဘူး။ အခုအရွယ်မှာ ဒီလို ရွှေကြိုမယ်ဖြစ်တော့ ဝမ်းသာပါတယ်။ ရွှေကြိုဆိုတာကလည်း လူတိုင်းလုပ်လို့မရနိုင်ဘူး။ စင်မြင့်ပေါ်မှာ အကယ်ဒမီရုပ်တုကိုင်ပြီး   ရွှေကြိုဖြစ်ဖို့ဆိုတာ အရမ်းလည်း နတ်ကြီးပါတယ်။  ကျွန်မကတစ်ထောင့်တစ်နေရာကနေပါဝင်ပြီး အကယ်ဒမီရုပ်တုနဲ့  အနုပညာရှင်တွေကို အနီးကပ်တွေ့ရတော့ အရမ်းကိုဝမ်းသာပါတယ်။ ရွှေကြိုမောင်နှမများ အားလုံးကလည်း ချစ်ချစ်ခင်ခင်နဲ့ပဲ Camp မစသေးတဲ့အချိန်မှာတောင်  Tik Tok တွေ ဆော့ကြတယ်။ Group တွေဖွဲ့ပြီး စကားပြောကြပါတယ်။ သူငယ်ချင်းမောင်နှမတွေလိုဖြစ်ပြီး    အဆင်ပြေပြေတစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီကြပါတယ်။ ကျွန်မငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်ခဲ့တော့အခု ရွှေကြိုမှာလည်း ပါဝင်ရွေးချယ်ခံခဲ့ရတော့ ရှေ့ဆက်ပြီးလည်း အနုပညာလုပ်ငန်းတွေကို ဆက်လုပ်သွားပါ့မယ်။ အနုပညာကို ချစ်ကြတဲ့ပရိသတ်အားလုံးနဲ့လည်း ရင်းနှီးခွင့်၊ ထိတွေ့ ခွင့်ရချင်ပါတယ်။ ကျွန်မကိုလည်း အများကြီးချစ်ပေးကြပါ။ ရွှေကြို ၂၆ ယောက်အားလုံးကိုလည်း ချစ်ပေးကြပါ။    ကျွန်မတို့လည်း အများကြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့ပြောချင်ပါတယ်။  ကျွန်မကိုငယ်ငယ်က  ကလေးသရုပ်ဆောင်မို့ ချစ်ပေးခဲ့ကြတဲ့ပရိသတ်တွေကော၊ အခုမှချစ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

ထက်လျှမ်း(ရွှေကြို)

ကျွန်တော်အနုပညာကို  ဝါသနာပါတဲ့အတွက် ရွှေကြိုကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ရန်ကုန်ရောက်တာ မကြာသေးခင်မှာပဲ ရွှေကြိုခေါ်တာကြုံလို့  ကျွန်တော့်ဆရာက ဝင်ပြိုင်ဖို့ပြောတာနဲ့   ဝင်ပြိုင်ခဲ့တာပါ။ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။    တစ်ဆင့်ပြီးတစ်ဆင့် ရင်ခုန်စွာနဲ့ယှဉ်ပြိုင်ပြီးမှ ရွှေကြိုဖြစ်ခဲ့တာပါ။

အခက်အခဲကတော့သိပ်မရှိခဲ့ပါဘူး။ ရွှေကြိုမောင်မယ်မှာပါတဲ့ သူငယ်ချင်းအားလုံးကလည်း လမ်းပြကူညီပေး ကြပါတယ်။ ရွှေကြိုမောင်မယ်ဖြစ်သွားရင် သာမန်လူတစ်ယောက်အနေနဲ့တော့ နေလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူများတွေမြင်တဲ့အချိန်မှာ သန့်ရှင်းသပ်ရပ်ပြီး    ရွှေကြိုတွေမှာရှိတဲ့စံနှုန်းတွေ ထားရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်က ကချင်တိုင်းရင်းသားဖြစ်တော့ မသိတာတွေဆို အားလုံးကသင်ပေးကြတယ်။      အားလုံးနဲ့အတူတူ Camp ဝင်ရတော့ ပျော်ဖို့လည်းကောင်းပါတယ်။ နောင်လာမယ့်နှစ်မှာ ရွှေကြိုဝင်ပြိုင်မယ့် မောင်မယ်များလည်း အနုပညာနဲ့ ပတ်သက်တာအားလုံး စာအုပ်စာပေ၊ ဝတ္ထုတွေစတဲ့ ဗဟုသုတရှိတဲ့ စာတွေကလည်း အရေးကြီးပြီးဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော့်ရဲ့ အနုပညာလမ်းကြောင်းမှာ   ရွှေကြိုကပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ရွှေကြိုပြီးသွားရင် ဆရာဂျွန်လွင်ရဲ့  Star and Agency နဲ့ အလုပ်တွဲလုပ်ဖို့ ရှိပါတယ်။ ပရိသတ်များက လည်း  ကျွန်တော့်ကိုချစ်ပေးကြပါ။ ပရိသတ်အားလုံးလည်း ကျန်းမာရေးအဆင်ပြေပြီး အဆင်ပြေကြပါစေ။ ကျွန်တော့်ရဲ့ရှေ့ဆက်မယ့် အနုပညာများကိုလည်း   အားပေးပါဦးလို့ ပြောချင်ပါတယ်။   အားလုံးကိုကျေးဇူးတင်ပါတယ်။      ။         

 လဲ့ရည်လှိုင်