အထူးကုဆေးကုသရေးအဖွဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့သို့ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

အထူးကုဆေးကုသရေးအဖွဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့သို့ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော် ဖေဖော်ဝါရီ  ၄

    ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး   သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ပါမောက္ခအထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သော ကုသမှုများ ရရှိနိုင်စေရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခအထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့   ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်တို့တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခအထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခအထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများ အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ ၁၆၂ ဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ  ၁၃၂ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေး ကုသမှုဆိုင်ရာ လူနာ ၁၃၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ၁၈ ဦး၊ အထွေထွေ ရောဂါ ဆေးပညာဆိုင်ရာလူနာ ၅၆၈ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၆၁ ဦး၊ အသည်းရောဂါဆိုင်ရာလူနာ ၂၉ ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ ၂၀၀၊ ကလေးကင်ဆာရောဂါ ဆိုင်ရာလူနာ ရှစ်ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောလူနာ ၅၉ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ ၂၃၆ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၆၁၀ ဦးကို ကြည့်ရှုကုသ ပေးနိုင်ခဲ့သည်။

လာရောက်ပြသသော လူနာများတွင် မကွေးမြို့သာမက  မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများ အနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း  (Echocar diography) ၅၁ ဦး၊  အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း(OGD Scope) ၁၃ ဦး၊  အူမကြီး  မှန်ပြောင်းကြည့်ရှုခြင်း (Colono-scope) တစ်ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၃၅ ဦး၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်း ငါးဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း   ၁၆၂ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း   ၃၁၃ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၁၁၃၃ ဦး၊ Ultrasound  ရိုက်ကူးခြင်း ၁၂၈ ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၃၉၁ ဦး၊ အဆုတ်အမြှေးပါး အတွင်းမှ အရည်များ ထုတ်၍ ဓာတ်ခွဲစမ်းသပ်ခြင်း နှစ်ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာ လူနာ ၂၅ ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ လူနာ တစ်ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ တစ်ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ နှစ်ဦး၊   ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ခြောက်ဦး၊ ရင်ခေါင်းဆေး ကုသမှုဆိုင်ရာလူနာ သုံးဦးတို့ကိုလိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့်နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်း ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေးအဖွဲ့   အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာကျော်စိုးဝင်း၊ ပါမောက္ခ၊ ဌာနမှူး (နှလုံးဆေးကု)နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါ ဆေးကုဌာနမှ ဆရာဝန်၊ သူနာပြုများ ပါဝင်သောအဖွဲ့သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနရုံး၌ အခြေခံ အသက်ကယ်ကုသမှု သင်တန်း (Basic Life Support Training) ကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း  ၁၀၈ ဦး တက်ရောက်ခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခ(ဆီးချိုနှင့်ဟော်မုန်း) ပါမောက္ခ ဒေါက်တာနီနီလှိုင်သည် ဆီးချိုသွေးချိုရောဂါ အကြောင်း သိကောင်းစရာများကို လာရောက်ပြသသော လူနာများအား အသိပညာပေး ဟောပြောနိုင်ခဲ့သည်။

မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် များသည်   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က လာရောက်ပြသ ကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးပြီး ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကာ  ဒေသထွက် လက်ဆောင်များ ပေးအပ်ခြင်း၊ ညစာအတူ သုံးဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super speciality) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏  အထူးကု ကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅  ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့နှင့် ယခု မကွေးမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။