ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဗိုလ်ညို၊   ကိုထွန်းငြိမ်း၊  မခင်မှီတို့အကြောင်းကို အားလုံးသိပြီးထားသော ကိုရဲမြင့်သည် ဗိုလ်ညိုအပေါ် ၌ ကြီးစွာ စက်ဆုပ်သွားမိသည်။

ကိုထွန်းငြိမ်းနှင့် ဦးဘကျော်တို့သေဆုံးကြရသည့် အရေးအခင်းတွင် ဗိုလ်ညို၏ပယောဂသည် မည်သည့် နည်းနှင့်မဆို တစ်နည်းနည်းပါကိုပါရမည်ဟုလည်း တွက်ဆလိုက်သည်။

ကိုထွန်းငြိမ်းသည် ဦးဘကျော်ဆီက သေနတ်ကိုလုပြီး ဦးဘကျော်အားပစ်သတ်သွားသည်။ ဦးဘကျော် ၏ တပည့်သုံးယောက်က ကိုထွန်းငြိမ်းနောက်ကိုလိုက်ပြီး   ပစ်ကြသဖြင့်   ကိုထွန်းငြိမ်းသေဆုံးသွားသည်။ ကိုထွန်းငြိမ်းပြန်ပစ်၍   ရဲဘော်မောင်စော   ကျသွားသည်။ ဤသည်မှာ ကိုရဲမြင့်သိရကြားရသောသတင်း။

သေနတ်ကိုပင် တစ်ခါမှကိုင်မကြည့်ဖူးသူ၊ မပစ်ဖူး သူတစ်ယောက်က ရဲဘော်တစ်ယောက်ကျဆုံးရသည် အထိ ပြန်ပစ်နိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိနိုင်ပါမည် လား။ ပြီး ဦးဘကျော်ဆီက  ကိုထွန်းငြိမ်းလုပြေးသွား သည်ဆိုသော   စတင်းဂန်းကိုလည်း    ပြန်ရလိုက်ကြသည်။ ကိုထွန်းငြိမ်းသေပြီးမှ ရလာကြတာဆိုခြင်းမှာ သက်သက်ဆင်ခြေပေးတာရော မဖြစ်နိုင်ဘူးလား။

ဟေး ရဲဘော်၊ မခင်မှီကို စစ်ဆေးဖို့ ဘယ်ခေါ်သွား လဲဗျ

ရွာထဲတွင် ဦးဆုံးတွေ့ရသော ရဲဘော်တစ်ယောက် ကို ကိုရဲမြင့်ခပ်ထန်ထန်မေးလိုက်၏။

စစ်ဆေးစရာရှိလို့ဆိုပြီး   ဟိုဘက်လယ်ကွင်းထဲ ခေါ်သွားကြပါတယ် ဥက္ကဋ္ဌကြီး

ရဲဘော်တွေက နိုင်ငံရေးခေါင်းဆောင်ကို ဥက္ကဋ္ဌကြီး ဟု ခေါ်ပြီး တိုက်ခိုက်ရေးတာဝန်ခံကို ဗိုလ်ကြီးဟု ခေါ်ပြောလေ့ရှိသည်။

ကောင်းပေါ့ဗျာ၊ ရဲဘော်တို့လုပ်ကြတာတွေ သိပ် ကောင်းပေါ့။ ဘယ်လယ်ကွင်းလဲ၊ ကျုပ်ကို လိုက်ပြ စမ်း

ကျွန်တော်လည်း တိတိကျကျမသိပါဘူး ဥက္ကဋ္ဌကြီး၊ ရှေ့ကင်းမှာမေးပါ။ ရှေ့ကင်းက လိုက်ပို့ပါလိမ့်မယ်

အေး ကောင်းပြီ၊ ကောင်းပြီ

ကိုရဲမြင့်သည် ရွာဖျားရှေ့ကင်းသို့ မပြေးရုံတစ်မည် လျှောက်လိုက်လာသည်။

ဒီက ရဲဘော်တို့၊ တရားခံအမျိုးသမီးတစ်ယောက် စစ်ဆေးဖို့ခေါ်သွားတယ်ဆိုတာ ဘယ်ခေါ်သွားလဲဗျ

ဟိုလယ်ကွင်းထဲကတဲကို  ခေါ်သွားကြပါတယ် ဥက္ကဋ္ဌကြီး၊ အဲ အဲဒီမှာ ဗိုလ်ညိုလည်းရှိပါတယ်

ကိုရဲမြင့်သည် ထိုရဲဘော်စကားကိုပင် ဆုံးအောင် နားမထောင်တော့ဘဲ ကန်သင်းရိုးအတိုင်း လယ်ကွက်

ထဲ ထွက်လိုက်လာသည်။

လယ်စောင့်တဲထဲသို့ လက်နှိပ်ဓာတ်မီးနှင့် လှမ်းထိုးလိုက်၏။

လက်နှိပ်ဓာတ်မီးရောင်ထဲတွင်  မြင်လိုက်ရသော မြင်ကွင်းကြောင့်  ကိုရဲမြင့်၏စိတ်ထဲမှာ  ထောင်းခနဲ ဒေါသထွက်သွားသည်။

ကဲ...ရဲဘော်တို့ ဒီမှာခဏနေခဲ့ကြဦး

သူ့ရဲဘော်နှစ်ယောက်နှင့် ဗိုလ်ညိုတပ်က လိုက်ပို့ သော ရဲဘော်တစ်ယောက်ကို ကိုရဲမြင့်က နောက်ချန် နေခဲ့ကြရန် မှာထားခဲ့သည်။

ဗိုလ်ညိုသည် လယ်စောင့်တဲငယ်ထက်၌ မခင်မှီ၏ လက်တစ်ဖက်ကိုဆွဲကာ ဘာတွေပြောနေ၊ မေးနေမှန်း မသိ။ ဆီးမန်း မန်းသလို တတွတ်တွတ်ပြောနေသည်။ မခင်မှီကတော့ ရှိုက်ကြီးတငင် ငိုနေ၏။

ဟေး ဘယ်ကောင်လဲကွ မီးထိုးတာ

ကျုပ်ဗျ ရဲမြင့်၊ ရဲမြင့်

သြော်

ပြောပြောဆိုဆိုနှင့်ပင် ကိုရဲမြင့်သည် ချက်ချင်း ဗိုလ်ညိုနှင့် မခင်မှီတို့ရှေ့ ရပ်လိုက်သည်။

ဗိုလ်ညိုသည် မခင်မှီလက်ကို ကမန်းကတန်း လွှတ် လိုက်၏။ မမျှော်လင့်ဘဲ ကိုရဲမြင့်ရောက်လာသည်ကို အံ့သြသွားသည်။ ပြီး ခံပြင်းနေသည်။

ကိုရဲမြင့်သည် ဗိုလ်ညို၏မျက်နှာကို လက်နှိပ်ဓာတ် မီးနှင့် မမှိတ်မသုန် ထိုးထားသည်။

ဗိုလ်ညို

ဆို ကိုရဲမြင့်

ကိုရဲမြင့်က ပြင်းပြင်းထန်ထန်ခေါ်လိုက်သည်ကို ဗိုလ်ညိုကလည်း ပြတ်ပြတ်ပင်တုံ့ပြန်သည်။

ဒါ၊ ဒါ၊ ဒါ ခင်ဗျားဘာလုပ်တာလဲ

နိုင်ငံရေးခြေရှုပ်သွားတဲ့စပိုင်ရဲ့မိန်းမတစ်ယောက်ကို ကျုပ်စစ်ဆေးနေတယ်

ကိုရဲမြင့်၏အသံမှာ ဒေါသနှင့်တုန်ယင်နေသော် လည်း    ဗိုလ်ညို၏အသံကမူ   မခန့်လေးစားနိုင်လှသည်။

သြော် သြော်၊ ဒါ ခု ခင်ဗျား နိုင်ငံရေးအရ တရားခံ အမျိုးသမီးတစ်ယောက်ကို    စစ်ဆေးနေတယ်ဆိုပါ တော့

မှန်တယ်

ဒီမှာ ဗိုလ်ညို

ကိုရဲမြင့်သည် အမှောင်ထဲ၌ ဗိုလ်ညို၏မျက်နှာကို စေ့စေ့ကြည့်၍ အော်လိုက်၏။

ဗိုလ်ညို၏တုံ့ပြန်သံက ခဏတိတ်ဆိတ်နေသည်။

ဆက်လက်ဖော်ပြပါမည်။