တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ထိုး

 

တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ထိုး

 

    တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့က ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်အရ လက်နက်စနစ်များ သုတေသနပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရေးအတွက် သာမက ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်နိုင်စေရန် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတို့အတွက် လုပ်ငန်းဆောင်ရွက်ရေး အဖွဲ့ကိုဖွဲ့စည်းနိုင်ရေး ပူးတွဲကော်မတီတစ်ရပ်ကို တည်ထောင်သွားမည် ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသည့်  ကမ္ဘာ့ကာကွယ်ရေးဆိုင်ရာ ပြပွဲသို့တက်ရောက်စဉ် အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုအစီအစဉ် အုပ်ချုပ်မှုအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသည် ဆော်ဒီအာရေဗျ ကာကွယ်ရေး ဝန်ကြီးနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ  စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေး မိတ်ဖက်ပူးပေါင်းမှုတို့ ခိုင်မာစေရေးအတွက်   ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်တင်ပို့ရောင်းချနေသော   နိုင်ငံတစ်နိုင်ငံဖြစ်လာစဉ် အရှေ့အလယ်ပိုင်းဒေသ၌ ၎င်းတို့အတွက် အလားအလာရှိသည့်  ဝယ်လက်များကို ရှာဖွေလျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံက ရောင်းချရသော စစ်လက်နက်ပစ္စည်းများ၏ တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၅ ဘီလီယံဖိုးသာ ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ  ၁၇  ဘီလီယံအထိ မြင့်တက်လာသည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့နေရသော  စစ်လက်နက်ပစ္စည်း ပမာဏမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၁၀ ဆနီးပါးမြင့်တက်လာကြောင်း  သိရသည်။