လာအိုနိုင်ငံ၌ H5N1  ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ

 

လာအိုနိုင်ငံ၌ H5N1  ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ

 

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ ရှေသာနီ အရပ်ရှိ ဈေးတစ်ခု၌ H5N1 ကြက်ငှက် တုပ်ကွေးရောဂါပိုးကို ရှာဖွေတွေ့ရှိကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါဈေးမှရယူထားသော ကြက်နမူနာ ၆၅ ခုအနက် ၃၀ တွင်  H5N1 ကြက်ငှက် တုပ်ကွေးရောဂါပိုးတွေ့ရှိကြောင်း စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနက အတည်ပြု ထားသည်ဟု လာအိုအမျိုးသား အသံလွှင့် ဌာနက ဖေဖော်ဝါရီလ ၅ ရက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနက ရောဂါပိုးကို ကနဦးတွေ့ရှိ ပြီးနောက် နမူနာများကို ရယူစုဆောင်းကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနမူနာများအနက် H5N1 ရောဂါပိုး အပြင် ၎င်း၏မျိုးခွဲဖြစ်သည့်    H9N2 ရောဂါပိုးကိုလည်း  တွေ့ရှိရသည်။

ထိုကဲ့သို့   ရောဂါပိုး ကူးစက်မှုများကို တွေ့ရှိပြီးနောက် ဦးစီးဌာနအနေဖြင့် ရောဂါ ပိုးကူးစက်မှု ဖြစ်ပွားရခြင်း၏ မူလဇာစ်မြစ်များကို စုံစမ်းရန်၊ ကူးစက်မှုဖြစ်ပွားသည့်နေရာ ကို သီးသန့်ခွဲထားရန် အစရှိသည့်တုံ့ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

H5N1 ကြက်ငှက်တုပ်ကွေးသည် အဓိကအားဖြင့် ကြက်များ၊ ငှက်များတွင်သာဖြစ်ပွားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့မှ တစ်ဆင့်     လူသားများသို့ ကူးစက်နိုင်သည်။

ထိုရောဂါကူးစက်ခံရပါက  ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။