ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခါသမယမှစ၍ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်းနှင့် အေးချမ်းသာယာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။

ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး  တိုင်းရင်းသား မျိုးနွယ်စု အများဆုံး နေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်းဖြစ်ပါသည်။ ရှမ်းမျိုးနွယ်စု များဖြစ်သော ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ၊ အင်းသားစသည့် ရှမ်းတိုင်းရင်းသား များနှင့်အတူ ကချင်၊ ကယား၊ လီဆူစသည့် တိုင်းရင်းသားများစွာတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံတို့ဖြင့် ကာလရှည်ကြာ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်လျက်ရှိသော       တောတောင်ရေမြေ သဘာဝအလှအပများနှင့် ပြည့်စုံသည့် ပြည်နယ်ဖြစ်ပါသည်။

သဘာဝရာသီဥတု သင့်တင့်မျှတပြီး ခရီးသွားတောင်ပေါ်အပန်းဖြေ မြို့များတည်ရှိလျက်ရှိသော သာယာလှပသည့် ပြည်နယ်ကြီးလည်း ဖြစ်ပါသည်။  ထို့ပြင် ကျောက်ခေတ်ယဉ်ကျေးမှုများဖြစ်သည့် ပြဒါးလင်းဂူ၊ လွယ်ဝန်းဂူနှင့် ထုံးကျောက်ဂူများ အများအပြားနှင့် သဘာဝအင်းအိုင်များ၊ သမိုင်းရှည်ကြာသော မြို့ပြယဉ်ကျေးမှုထွန်းကားခြင်းနှင့်အတူ  တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များ စုံလင်စွာနှင့် သဘာဝသယံဇာတများပေါကြွယ်ဝလျက် အဘက်ဘက်မှ သာယာပြည့်စုံသည့် ပြည်နယ ်ဖြစ်ပါသည်။

ရှမ်းပြည်နယ်နေ့ ပေါ်ပေါက်လာခဲ့ခြင်းမှာ   နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ဖော်ပြခဲ့သည့် သမိုင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား မဖြစ်မနေလွတ်လပ်ရေး ပေးရလျှင်သော်မှ တောင်တန်းဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြိုးစားခဲ့ကြသည်။    

ဗြိတိသျှတို့သည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား လန်ဒန်သို့ဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကိုဆွေးနွေးခဲ့ရာ  မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသည့်အခါတွင် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကိုပါ တစ်ပြိုင်တည်းလွတ်လပ်ရေးပေးရန်   ဗိုလ်ချုပ်အောင်ဆန်းက တောင်းဆိုခဲ့ပါသည်။ ရှမ်းပြည် ပဒေသရာဇ်ကောင်စီ၏ အမှုဆောင်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းသည် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မှ ခေါင်းဆောင်များကလည်း တောင်ကြီးမြို့၌ လူထုအစည်းအဝေးကြီး ကျင်းပကာ ဆုံးဖြတ်ချက်များချပြီး  ဗိုလ်ချုပ်အောင်ဆန်းသာလျှင် တောင်တန်းသားများအတွက်  ကိုယ်စားလှယ် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အဝထောက်ခံကြောင်း ပြန်လည်ကြေးနန်း ပေးပို့လိုက်မှသာလျှင် သဘောတူစာချုပ်(အောင်ဆန်း- အက်တလီစာချုပ်)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

၁၉၄၇ ခုနှစ်၊  ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကောင်စီအမှုဆောင်အဖွဲ့ဝင် စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စားလှယ်များ ပါဝင်သည့်ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များက ဆပ်ကော်မတီဖွဲ့စည်းကာ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ထိုကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များသည် ပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေး အရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၇)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့သည် သမိုင်းဝင်ပြည်ထောင်စုနေ့၏ အခြေခံ၊ ပင်လုံ စာချုပ်၏ ပဋိညာဉ်များကို ချမှတ်နိုင်ခဲ့သည့် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော၊ ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတိတ်ကတွေ့ကြုံခဲ့ရသည့် ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီလျှောက်လှမ်းရတော့မည့် အချိန်အခါ ရောက်နေပြီ ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မတူကွဲပြားသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးသည် နှစ်ကာလကြာရှည်စွာ ကမ္ဘာ့အလယ်တွင် တည်တည်ငြိမ်ငြိမ်၊ သိက္ခာရှိရှိ နေထိုင်လာခဲ့ကြပါသည်။ သို့သော်လည်း မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး တစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ကာ နှစ်ပေါင်း (၁၀၀) ကျော် ကုပ်သွေးစုပ် အမြတ်ထုတ်ခံရခြင်းနှင့်အတူ သွေးခွဲအုပ်ချုပ်မှုကို ခံခဲ့ကြရပါသည်။

လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၀) ကျော်ကြာခဲ့ပြီဖြစ်သော်လည်း နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်ခဲ့သည့် အမွေဆိုးကို ယခုထိခံစားနေရဆဲဖြစ်ပါသည်။ ကိုလိုနီလက်အောက်တွင်  ဖိနှိပ်အုပ်ချုပ်မှုကို ရှမ်းတိုင်းရင်းသားများ အပါအဝင် နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ်ဓာတ်ဖြင့် အသက်သွေးချွေးများစွာ ပေးဆပ်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း သွေးခွဲအုပ်ချုပ်သည့် အမွေဆိုးကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲကာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့အထိဖြစ်ပွားလျက်ရှိသည်မှာ သတိထားသင့်သည့်အချက် ဖြစ်ပါသည်။

     အထူးသဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက် ဖျက်ဆီးနှောင့်ယှက် တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပါသည်။ ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ  ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အားလုံးက သိရှိလက်ခံကာ စဉ်းစားသုံးသပ်ကြရန် လိုပြီဖြစ်ပါသည်။

အကြမ်းဖက် သောင်းကျန်းသူများသည် ၎င်းတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေရုံသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပုထိုးများအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦ စသည်တို့ကိုပါ  ဖျက်ဆီးခြင်းမှာ လွန်စွာအကျည်းတန်အရုပ်ဆိုးပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိပါသည်။  ထို့ကြောင့်    သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူ အပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖြစ်ထွန်းလာအောင် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်ကြောင်းနှင့် နောက်ကျလျှင် နောက်ကျ သလောက် အကျိုးယုတ်နိုင်ပြီး နိုင်ငံအတွက်အန္တရာယ်ရှိသည်ကို   သတိပြုကြရမည်ဖြစ်ကြောင်း  အသိပေးတိုက်တွန်းအပ်ပါသည်။

 ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အလေးထား ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် စစ်မှန်စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည့်  နိုင်ငံရေးရည်မှန်းချက်(၂)ရပ်  ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုအတွင်းရှိ   တိုင်းရင်းသားလူမျိုး အားလုံးတို့သည် အချင်းချင်းသွေးမကွဲကြဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကိုဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရေးပင်ဖြစ်ကြောင်း အသိပေးတိုက်တွန်းမှာကြားလိုပါသည်။

မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူအားလုံး၏ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရား ဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။   ပြည်သူအားလုံးအကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော်လျက်ရှိပါသည်။ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာရန် လိုအပ်သဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအနေဖြင့်လည်း MSME လုပ်ငန်းများ အောင်မြင်ရေးကို အလေးထားဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။

တိုင်းရင်းသားမိဘပြည်သူများခင်ဗျား-

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သဖြင့်   ကျောင်းနေအရွယ်ကလေးအားလုံး   ပညာသင်ယူနိုင်ရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9)  ပြီးမြောက်သည်အထိ သင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်းပညာများကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါသည်။

အထူးသဖြင့် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများအပါအဝင် တိုင်းရင်းသားဒေသများတွင် ပညာသင်ယူနိုင်မှု အခွင့်အလမ်းနည်းပါးနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တစ်ဝန်းလုံး ပညာရေးကဏ္ဍကို  မြှင့်တင်ပေးလျက်ရှိပါသည်။ လူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည် မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်မှာ အရေးကြီးသော အချက်ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များအား အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များဖြစ်အောင်ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း တိုက်တွန်းမှာကြားလိုပါသည်။

နိဂုံးချုပ်အားဖြင့်   နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်  လက်နက်ကိုင် ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများ အားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသား ပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည် နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက် ပေးကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါရန်နှင့် ရှမ်းပြည်နယ် တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

              ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ

                  သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

                       နိုင်ငံတော်ဝန်ကြီးချုပ်

            ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ