ရန်ကုန်မြို့ရှိ တက္ကသိုလ်များသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သွားရောက်ကြည့်ရှု စစ်ဆေး

 

ရန်ကုန်မြို့ရှိ တက္ကသိုလ်များသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သွားရောက်ကြည့်ရှု စစ်ဆေး

 

ရန်ကုန် ဖေဖော်ဝါရီ ၆

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာနရှိ  ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ရောက်ရှိကာ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ် နားလည်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့တက္ကသိုလ်ရှိ စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချပြီး  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာအောင်၊ ထူးချွန်သူများ ဖြစ်လာအောင်   ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်ခွဲခန်းနှင့် လက်တွေ့ စမ်းသပ်ခန်းများတွင် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ စက်ပစ္စည်းများ စနစ်တကျ သုံးစွဲနေမှုများနှင့် ကျောင်းဝင်းအတွင် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံတက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်   တက္ကသိုလ်တိုင်းတွင် အင်တာနက်ရရှိစေရန်နှင့် စာအုပ်များမှ ရှာဖွေအသုံးပြုနိုင်ရန် စာအုပ်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ သုတေသနလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဘာသာရပ်ဆိုင်ရာ ဌာနများနှင့် တက္ကသိုလ်စာကြည့်တိုက်များအတွက် စာအုပ်စာတမ်းများကိုလည်း နှစ်စဉ်တိုးချဲ့ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များရှိ စာအုပ်စာတမ်းများ၊ သုတေသနအသုံးပြု စက်ပစ္စည်းများကို သုတေသန ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ အသုံးပြုနိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊  သိပ္ပံဘာသာရပ်များအတွက် စက်ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ရာ မိမိတို့ တက္ကသိုလ်၏ လိုအပ်ချက်နှင့်ကိုက်ညီသည့်ပစ္စည်းများကို စနစ်တကျ စာရင်းပြုစုပြီးတင်ပြကြစေလိုကြောင်း၊ လူမှုနယ်ပယ်တွင် အသုံးချနိုင်သည့် ဝိဇ္ဇာအသုံးချပညာရပ်နှင့် သိပ္ပံအသုံးချ ပညာရပ်များကို တက္ကသိုလ်များ အားလုံးတွင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသော ဆရာ၊ဆရာမများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ညနေပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ အဓိပတိဆောင်တွင်  ၂၆၄ ဦးဆံ့ (၄)ထပ် ကျောင်းသူဆောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။