ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    မခင်မှီ၏ ငိုရှိုက်လိုက်သံကြောင့် ကိုရဲမြင့်၏ရင်ထဲမှာ ဆို့နင့်သွားသည်။ မခင်မှီခမျာမှာ ရှက်လွန်း၍ ခေါင်းပင်မဖော်ရဲတော့။ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ကာ ကျိတ်၍ငိုနေရှာသည်။

“ဒီမှာ ဗိုလ်ညို၊ ဘာမှအပြစ်မရှိဘဲ အမျိုးသမီး ရွာသူတစ်ယောက်ကို ဒီလိုကာလ၊ ညအချိန်မှာ ရွာပြင်လယ်ကွင်းထဲ အတင်းအဓမ္မ ဆွဲထုတ်ပြီး ထင်သလို ပြုလုပ်နိုင်တယ်ဆိုတာ ခင်ဗျားကို ဘယ်ခေါင်းဆောင်က ညွှန်ကြားထားလဲ၊ ဒါ တော်လှန်ရေးသမားတွေရဲ့အလုပ်လား”

“ဒီအမျိုးသမီးမှာ လုံးဝအပြစ်မရှိဘူးလို့ ခင်ဗျား ယူဆသလား”

“ဟုတ်တယ်၊ ဒီအမျိုးသမီးမှာ လုံးဝအပြစ်မရှိဘူးလို့ ကျုပ်ယူဆတယ်”

“ကိုထွန်းငြိမ်း၊ ကိုဘကျော်တို့ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကလည်း ဒီအမျိုးသမီးမှာ လုံးဝအပြစ်ရှိတယ်ထင်လို့ ခုလိုစစ်ဆေး”

“ဟာဗျာ၊ ခင်ဗျားက ဒီအမျိုးသမီးမှာ အပြစ်ရှိတယ်ထင်လို့ စစ်ဆေးတယ် ဟုတ်လား။ တရားခံ အမျိုးသမီးတစ်ယောက်ရဲ့ တစ်ကိုယ်လုံးကို ဆိတ်ကွယ်ရာမှာ အတင်းအဓမ္မပြုကျင့်”

“ဒါ ကျုပ်နည်း၊ ကျုပ်ဟန်နဲ့ လိုတယ်ထင်လို့ ပရိယာယ်အရ စစ်ဆေး တာ”

“သြော် ခင်ဗျား ပရိယာယ်အရ စစ်ဆေးတာက ဘာလဲ၊ သူ့မိန်းမ လိုချင်ရင်  သူ့လင်  လှံနဲ့ထိုးဆိုတဲ့  ရှေးခေတ်  တဏှာရူးအကျင့်ပျက် ပဒေသရာဇ်တွေရဲ့ နည်းပရိယာယ်လား၊ စစ်ဆေးနည်းလား”

“ဒီမှာ  ကိုရဲမြင့်၊  ခင်ဗျား  ကျုပ်ကို  ဒီလောက်ထိမစော်ကားရင် ကောင်းမယ်။ ခင်ဗျားလည်း နိုင်ငံရေး ခေါင်းဆောင်ပဲ၊ ကျုပ်လည်း စစ်ရေးအရ တိုက်ခိုက်ရေး ခေါင်းဆောင်ပဲ။ ဒီနယ်မြေက အရေးအခင်းတွေမှာ စစ်ရေးအရဖြစ်လာရင် ကျုပ်နည်းနဲ့ကျုပ် စစ်ဆေးနိုင်တယ်ဗျ။ ခင်ဗျားက ငါနိုင်ငံရေး ခေါင်းဆောင်ပဲဆိုပြီး နေရာတကာဝင် လူတွင်ကျယ်လုပ်တာတော့ ကျုပ်ကန့်ကွက်ရလိမ့်မယ်”

ဤတစ်ခါတော့ ဗိုလ်ညို၏ အသံမှာလည်း ဒေါသသံထွက်လာသည်။

“ကျုပ်က  ခင်ဗျားကို  စော်ကားတာ မဟုတ်ဘူးဗိုလ်ညို၊  မျက်မြင် ကိုယ်တွေ့မို့ပြောနေတာ။ နိုင်ငံရေးအရ ရွာသူအမျိုးသမီး တစ်ယောက်ကို စစ်ဆေးချင်ရင် ကျုပ်တို့မှာ နိုင်ငံရေးမှူး အမျိုးသမီးတွေရှိတယ်။ နိုင်ငံရေးမှူး အမျိုးသမီး ခေါင်းဆောင်တွေဆီပို့ပြီးမှ ခင်ဗျားတင်ချင်တဲ့ စွဲချက်တင်ရမယ်။ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် ရွာသူ အမျိုးသမီးတစ်ယောက်ကို ဒီလိုအချိန်မျိုးမှာ ဆိတ်ကွယ်ရာ လယ်ကွင်းထဲ ဆွဲထုတ်ပြီး နှစ်ယောက်ချင်း စစ်ဆေးတယ်ဆိုတာ ဘာသဘောလဲ။ ဒီလို စစ်ဆေးပါလို့ ခင်ဗျားကို ဘယ်ခေါင်းဆောင်က ညွှန်ကြားထားလဲပြောစမ်းပါ”

ကိုရဲမြင့်၏စကားအဆုံးမှာ ဗိုလ်ညိုက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ ပြီး သူ၏လက်တစ်ဖက်ကိုလည်း သူ့ခါးတွင် ချိတ်ဆွဲထား သော ခြောက်လုံးပြူးသေနတ်ဆီသို့ ရွေ့လျားပစ်လိုက်၏။

သို့သော် ကိုရဲမြင့်၏ ပကတိအသွင်မှာကား လုံးဝမတုန်လှုပ်၊ အံကို တင်းတင်းကြိတ်ကာ ဗိုလ်ညို၏ လှုပ်ရှားမှုကိုသာ မမှိတ်မသုန် စိုက်ကြည့် နေ၏။

“ပါးစပ်နဲ့မေးတာ ပါးစပ်နဲ့ဖြေတာပဲကောင်းပါတယ် ဗိုလ်ညို၊ လက်က တောင်ကိုင်မြောက်ကိုင်  ကိုင်တာတော့  ရိုင်းတယ်ထင်တယ်။  ဒီမှာ ဗိုလ်ညို သေရဲလို့ ကျုပ်တို့ တော်လှန်ရေးလုပ်နေတာ။ အဲဒါ ခင်ဗျား နားလည်ထားစမ်းပါ။ ခင်ဗျားတို့ ဒီလို အရမ်းလျှောက်လုပ်တာတွေဟာ အပြစ်မဲ့တဲ့လူထုကို  ထိခိုက်တယ်။  ပါတီလည်း  နာမည်ပျက်တယ်။ တော်လှန်ရေးကို ဖျက်ဆီးရာရောက်တယ်”

“ကျုပ် ပြောပြီးပါပကောလား ကိုရဲမြင့်။ ဒီအမျိုးသမီးမှာ အပြစ်ရှိတယ် ထင်လို့ ကျုပ်နည်း၊ ကျုပ်ဟန်နဲ့ စစ်”

“တော် တော်၊ ခင်ဗျား စကားလွန်ပြီ”

“ထွန်းငြိမ်းမှာ အပြစ်မရှိဘူးလို့ ကိုရဲမြင့် ကာကွယ်နေတာလား”

ကိုရဲမြင့်လိုလူသည်   ခြိမ်းခြောက်၍  ကြောက်တတ်သူ မဟုတ်မှန်း သိသဖြင့် ဗိုလ်ညို၏အသံက ရုတ်ခြည်းပျော့သွားသည်။

ထွန်းငြိမ်းမှာ  အပြစ်မရှိဘူးလို့  ကျုပ်မပြောလိုဘူး။  ထွန်းငြိမ်းမှာ အပြစ်ရှိတိုင်း ထွန်းငြိမ်းမိန်းမမှာ အပြစ်ရှိရောလား”

“ရန်သူကို အားပေးအားမြှောက်ပြုပြီး တစ်နည်းနည်းနဲ့ ကူညီနေတဲ့ လူတွေအားလုံးဟာ ကျုပ်တို့တော်လှန်ရေးရဲ့ ရန်သူပဲဆိုတာတော့ ခင်ဗျားလို နိုင်ငံရေးခေါင်းဆောင်က ပိုသိထားဖို့ကောင်းပါတယ်”

“နင်မဟုတ်ရင် နင်အဖေပဲဆိုတဲ့ ဝံပုလွေရဲ့ အပြစ်ရှာအမေးမျိုးကို တော်လှန်ရေးမှာ မေးရိုးထုံးစံမရှိဘူးဗိုလ်ညို”

“မေးရမယ်ဥက္ကဋ္ဌကြီး၊ မေးရမယ်၊ မေးရမယ်။ ခင်ဗျားတို့က ဗဟိုမှာ နေပြီး မျက်မှန်းရမ်းဆ စိတ်ကူးယဉ် ရုပ်ဝါဒမျိုးနဲ့ တကယ့်ဖြစ်ပျက်သွားတဲ့   စစ်ရေးတွေမှာ  နားမလည်ပါဘူး။  ထွန်းငြိမ်းကြောင့်  ကျုပ်တို့ တော်လှန်ရေးရဲဘော်တွေ သေတွင်းအကြိမ်ကြိမ် ပို့ခဲ့သလို ကျုပ်တို့ ဥက္ကဋ္ဌ ဦးဘကျော်ကိုလည်း စည်းရုံးချိန်းတွေ့ခဲ့သေးတယ်။ စည်းရုံးလို့မရတဲ့ နောက်ပိုင်းမှာ သတ်ပြေးတယ်။ အဲဒီလို ဖြစ်ပေါ်လာမယ့် အခြေအနေအားလုံးကို   ဒီအမျိုးသမီးက  ဖန်တီးပေးခဲ့တယ်။  သူနဲ့  သူ့အမေက ထွန်းငြိမ်းရဲ့  ဝါဒမှိုင်းမိပြီး  ကျုပ်တို့ကို  တိုက်ခိုက်ဖို့ကအစ  အားလုံး သတင်းပို့တာဟာ  သူတို့သားအမိဗျ။ ဒါတွေ ကြားဝင်ပြီး ခင်ဗျားက ကာကွယ်နေတာကရော ဥက္ကဋ္ဌကြီးရယ်၊ ရိုးရိုးပြောတာလား၊ ဝံပုလွေရဲ့ ကောက်ကျစ်စဉ်းလဲတဲ့အကြံ”

“ခင်ဗျား ခွေးစကားမပြောနဲ့၊ ကျုပ်က ရန်သူကို ကူညီတယ်ထင်ရင် အသေသာ သတ်ချင်သတ်ပစ်မယ်။ ခင်ဗျားလို မယုတ်မာဘူး”

“ဟဲ ဟဲ ဟုတ်ပါလိမ့်မယ်။ ကျုပ်တို့ကတော့ လုပ်စရာရှိရင် အပြတ်ပဲ၊ ဟိုဟာ ဒီဟာပေးပြီး မြှူမဆွယ်ဘူး”       

ဆက်လက်ဖော်ပြပါမည်။