ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဗိုလ်ညို ခင်ဗျားလွန်လာပြီ၊ ခုအပြစ်မဲ့တဲ့ ရွာသူတစ်ယောက်ကို မတရားဗလက္ကာရပြုဖို့ ကြံစည်မှုနဲ့ ခင်ဗျားကို စွဲချက်တင်ရမယ်။ ဗဟိုကို ခင်ဗျားအပြစ် အတွက် ဆုံးဖြတ်ချက်ပေးဖို့ တောင်းဆိုရလိမ့်မယ်

မခင်မှီ၏သမီးလေး ခင်ခင်ငြိမ်းအား ရွှေဆွဲကြိုး ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ညိုခနဲ့လိုက်သည်ကို ကိုရဲမြင့်မှာ ဆတ်ဆတ်ခါနာသွားလေသည်။

ကိုထွန်းငြိမ်းနှင့် အိမ်ထောင်မကျခင်ကတည်းကပင် မခင်မှီအား တစ်ဖက်သတ်ပိုးပန်းခဲ့သူ၊ ကိုထွန်း ငြိမ်းနှင့် အိမ်ထောင်ပြုသွားသည်ကို လုံးဝမကျေနပ်ခဲ့သူ၊ ကိုထွန်းငြိမ်းအပေါ်တွင် တစ်နည်းနည်းနှင့် ကောက် ကျစ်စဉ်းလဲစွာ အပြစ်ရှာခဲ့သူက ယခု ပြောင်းပြန်သူ့ကို  ခနဲ့လာသောအခါ  ကိုရဲမြင့်မှာ  အတိုင်းမသိ ဒေါသထွက်ရရှာသည်။

ထို့ကြောင့်လည်း စိတ်ကို မချုပ်တည်းနိုင်ဖြစ်ကာ ဗိုလ်ညိုအား ဗဟိုတွင် စွဲချက်တင်ရန်အထိ တင်းတင်း မာမာပြောချလိုက်၏။

ဤသည်ကို ဗိုလ်ညိုကလည်း မထီမဲ့မြင်ပြုကာ ပြန်ပြောလိုက်သည်။

စွဲချက်တင်ရမယ်တဲ့ ဟား ဟား

ဟုတ်တယ် တင်ရမယ်၊ တင်ရမယ်၊ ခင်ဗျားကိုစွဲ

တင်ပါဗျာ၊ တင်ပါ။ ကျုပ်က ရန်သူကို ဗလက္ကာရ ပြုတာ ဘာမှအပြစ်မရှိဘူး။ ခင်ဗျားသာ ရန်သူကိုအား ပေးတဲ့လူ၊ ထွန်းငြိမ်းကို အမျိုးမျိုးကာကွယ်ခဲ့တဲ့လူ။ ကျုပ်တို့တိုက်ခိုက်ရေးက တော်လှန်ရေးအစဉ်အလာ ကောင်းခဲ့တဲ့  ရဲဘော်တစ်ဆယ်ကျော်  ကျဆုံးသွားရ တာ ခင်ဗျားတရားခံ၊ ခင်ဗျားကိုလည်း ကျုပ်က ဗဟိုမှာ စွဲချက်တင်ရမယ်။ ထွန်းငြိမ်းက ခင်ဗျားသူငယ်ချင်း၊ ထွန်းငြိမ်း   စပိုင်လုပ်နိုင်အောင်  နည်းအမျိုးမျိုးနဲ့ ကာကွယ်ထားတာ ခင်ဗျား၊ ခု ရန်သူ့မယားကို အကာ အကွယ်ပေးတာ ခင်ဗျား၊ ခင်ဗျားကို ကျုပ်ကလည်း ဗဟိုမှာ စွဲချက်တင်ရမယ်

အေးပေါ့ဗျာ။ ဘယ်သူက တရားခံလဲ၊ ဘယ်လူက တော်လှန်ရေးရဲ့ အဖျက်သမားလဲ၊ ပါတီရဲ့ ဆူးငြောင့် ခလုတ်လဲဆိုတာ တစ်နေ့တော့ သိရမှာပေါ့။ ခင်ဗျား ဘာပဲပြောပြော ခု ဒီအမျိုးသမီးကို  ကျုပ်ခေါ်သွား မယ်။ ဒါပေမဲ့ ခင်ဗျားလို အတင်းအဓမ္မ တစ်ယောက် တည်း    တိတ်တိတ်ပုန်းခေါ်သွားမှာမဟုတ်ဘူး။

သူ့အမေနဲ့အတူ   နိုင်ငံရေးမှူးအမျိုးသမီးတွေရှိတဲ့ ယာယီစခန်းကို  ညတွင်းချင်းခေါ်သွားမယ်။  ကဲ  စစ်ရေးတာဝန်ခံဗိုလ်ကြီး ကန့်ကွက်စရာရှိပါသေးလား ခင်ဗျာ

ကိုထွန်းငြိမ်း၊   ဦးဘကျော်တို့  ဆုံးပါးသွားကြပြီး နောက်ပိုင်းတွင် မခင်မှီအား ဤနေရာ၌ ပစ်ထား ခဲ့ပါက ဗိုလ်ညိုသည် တစ်နည်းမဟုတ်တစ်နည်း ထပ်ပြီးစော်ကားလေဦးမည်ကို အတပ်သိသော ကိုရဲမြင့်က  မခင်မှီတို့သားအမိနှစ်ယောက်ကို  အမျိုးသမီး နိုင်ငံရေးမှူးများရှိရာသို့   ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ညိုအား ခနဲ့၍ပြောလိုက်၏။

အမှန်တကယ် အပြစ်ရှိပါကလည်း    ကိုရဲမြင့်၏ ခေါ်ဆောင်သွားပုံမှာ  တာဝန်ပိုင်းပါနေသဖြင့်  ဤ စကားကိုတော့ ဗိုလ်ညိုက မည်သို့မှမပြောဘဲနေ၏။ တဲတိုင်တစ်လုံးကို ကျောမှီကာ ကိုရဲမြင့်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေ၏။

သူက ပိုင်ပြီဟု ကျိန်းသေသလောက် တွက်ချက်ထားသော ကိစ္စတစ်ခုသည် ကိုရဲမြင့်ကြောင့် ပျက်သုဉ်း သွားရလေပြီကော။

ကိုရဲမြင့်သည် သူ့အတွက် များစွာအနှောင့်အယှက်ပင်။ ဤသည်မှာလည်း ယခုမှမဟုတ်၊ ကိုထွန်းငြိမ်း ကို သူဖမ်းဆီးပြီး ကြီးလေးသောအပြစ်ပေးရန် စွဲချက် တင်ခဲ့သော လွန်လေပြီးသည့်ကာလကပင်တည်း။

ကဲ ဗိုလ်ညို၊ ကျွန်တော် ခုနတင်ပြတဲ့ကိစ္စနဲ့ပတ် သက်ပြီး ကန့်ကွက်စရာရှိပါသေးလား

ကိုရဲမြင့်က ဗိုလ်ညိုကို ဒုတိယအကြိမ် ထပ်မေးသည်။

ဗိုလ်ညိုကား မတုန်မလှုပ်။

ဥက္ကဋ္ဌဦးဘကျော်၊ ဆရာကိုထွန်းငြိမ်းနဲ့ပတ်သက်ပြီး စစ်ရေးအရ နယ်တိုက်ခိုက်ရေးတာဝန်ခံက အပြစ် ရှိတယ်လို့ ယူဆထားတဲ့ ဒဟပ်ကုန်းရွာသူ ဆရာကိုထွန်းငြိမ်းရဲ့ဇနီးကို   နိုင်ငံရေးမှူးအမျိုးသမီးဆီ ကျွန်တော် တာဝန်အရခေါ်သွားမယ်၊ ကန့်ကွက်စရာရှိပါသလား

တောက်

ဗိုလ်ညိုဆီမှ တုံ့ပြန်သံအစား တက်ခေါက်သံသာ ပေါ်လာသည်။

သို့သော် ကိုရဲမြင့်ကလည်း လုံးဝမမှုပေ။

ဆိတ်ဆိတ်နေခြင်းဟာ သဘောတူရာရောက်ပါ တယ်။ ကဲ ညီမထ၊ ရှေ့ကသွား၊ ဗိုလ်ညို ကျုပ်သွားပြီ ဒါပဲ

ကိုရဲမြင့်သည် ဗိုလ်ညိုကို သုံးကြိမ်သုံးခါမေးပြီး မခင်မှီကိုလည်း လှမ်းပြောလိုက်၏။

မည်သို့ပင်ဆိုစေ ကိုရဲမြင့်သည် မခင်မှီ၊ ကိုထွန်းငြိမ်း တို့နှင့် ခင်မင်သူဖြစ်သည်။ ယခု မခင်မှီကို သူခေါ် သွားလေပြီ။

အမှန်မှာ မခင်မှီကိုသာမဟုတ်။ မခင်မှီ၏အမေကိုပါ  ယာယီစခန်းထိ ခေါ်သွားလိမ့်မည်။ အမျိုးသမီး

နိုင်ငံရေးမှူးဆီတွင် မခင်မှီအား သူက ဗလက္ကာရ ပြုပါသည်ဟု မခင်မှီကို စည်းရုံးကာ  တိုင်ချက်ဖွင့်မည်။ စွဲချက်တင်လိမ့်မည်။

ယခင်ကမူ ကိုထွန်းငြိမ်းနှင့်ပတ်သက်၍ ကိုရဲမြင့်ကို သူကသာ စွဲချက်အမျိုးမျိုးတင်ခဲ့သည်။ သူတင် သောစွဲချက်ကြောင့် ကိုရဲမြင့်သည် ရခိုင်သို့ပင် လွင့်ခဲ့ရသည်။                    

ဆက်လက်ဖော်ပြပါမည်။